ဝူဖေးတစ်ယောက် ဆံထိုးပြန်မပေးရရေး ဒို့အရေးမို့ ခပ်သုတ်သုတ် အပြေးနှင်နေစဉ်တွင် နောက်မှ အပြေးတစ်ပိုင်းလာသော ခြေသံကိုကြား၍ ရင်းနှီးနေသော အခန်းထဲသို့ အလျင်အမြန်ဝင်လိုက်လေသည်။ အခန်းထဲမှ အပြင်ဘက်သို့ တံခါးလေးအသာလှပ်ကာ ချောင်းကြည့်မိတော့ မိမိအားမျက်စပြတ်သွားပုံရသည့် ထိုလူသားက အနီးအနားဝေ့ဝိုက်ရှာရင်း မတွေ့သည့်အဆုံးမှ တပ်ခေါက်ပြန်သွားလေသည်။
မိမိထံမှ လုယူကာဝယ်ယူထားသောဆံထိုးကို တစ်ပါးသူအား လက်လွတ်စပယ်ပေးနိုင်သည့်သူအား ဆံထိုးကို ဝူဖေးပြန်မပေးလို။ သူများကို ပေးမှာချင်းအတူတူ မိမိယူလာခဲ့မိသည်ကိုလည်း မှားသည်ဟု မယူဆမိ။ ထို့ပြင် မိမိက တန်ရာတန်ကြေးထက်ပင် ပိုသော ပမာဏကိုပေး၍ လုယူလာသည့်အတွက် အားနာစရာလည်းမလိုဟုထင်မိသည်။
ဝူဖေး ကိုယ့်အတွေးနှင့်ကိုယ် မျောနေမိသည်မို့ အနားမှာ လူလာရပ်နေသည်ကို သတိမထားမိ။ မိမိနောက်မှလိုက်လာသော အနှီလူသား၏ အရိပ်ကို မမြင်ရတော့ပါမှ တစ်ဖက်သို့ အလှည့် အနီးကပ်ပေါ်လာသော မျက်နှာသဏ္ဌာန်ကြောင့် ရုတ်တရက်လန့်ဖြပ်ကာ လက်ထဲတွင် ကိုင်ထားသော ဆံထိုးနှင့် ထိုးရန်ချိန်ရွယ်လိုက်သည်။ ထို့နောက်တွင်မှ အနားသို့ရောက်လာသောသူ၏ မျက်နှာအား ကြည့်ကာ အလန့်တကြားထအော်မိလေသည်။
"အား....အစ်ကိုတော် ဘာလုပ်နေတာလဲ...လန့်လိုက်တာ...ရှောင်တာနည်းနည်းလေး နောက်ကျသွားရင် ဆံထိုးနဲ့ ထိုးမိတော့မှာ"
တံခါးရွက်ကို ခပ်ကျဉ်းကျဉ်းလှပ်၍ အပြင်ဘက်မှ အကြောင်းအရာကို စူးစမ်းနေသောဝူဖေးကို မြင်တော့ အေးအေးဆေးဆေးသောက်နေရာမှ အလိုတူအလိုပါချောင်းကြည့်ရန် ဝူရှန့်ထလာခဲ့သည်။သို့သော် ဝူဖေးအနီးသို့ ရောက်မစိုက် အချိန်လေးတွင်ပင် မျက်နှာလှည့်လာသည်မို့ သူခိုးလူမိသွားသည့်အလား ဝူရှန့်နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။ ထိုသို့ နောက်ဆုတ်လိုက်မိခြင်းကြောင့်သာ ရင်ဘတ်အနီးပျံဝဲလာသော ဆံထိုးနှင့် ပွတ်ကာသီကာမျှ လွတ်သွားခြင်းဖြစ်လေသည်။ လူကိုမထိလိုက်ပေမယ့် ချွန်ထက်သောဆံထိုးအသွားက အင်္ကျီကို ဖောက်ကာ ထွက်သွားသည်မို့ ဝူရှန့်အင်္ကျီကလေး စုတ်ပြဲသွားပါလေ၏။လူကို မထိခိုက်ဘဲ သီသီကလေးကပ်လွတ်သွားသော အခြေအနေကိုပင် ဝူရှန့်သတိမကပ်နိုင်တော့ဘဲ ပြဲသွားသည့် အင်္ကျီလေးကို လက်နှင့်ညွှန်ပြရင်း နှမြောနေဟန် စကားဆိုလေတော့သည်။
KAMU SEDANG MEMBACA
ကြင်ယာတော်အိမ်ရှေ့စံ
Fiksi Remajaဟိုးရှေးရှေးတုန်းက ထန် လို့ခေါ်တဲ့တိုင်းပြည်မှာ ထန်ဝူဖေး လို့ခေါ်တဲ့ ဘုရင်ငယ်လေးက အုပ်ချုပ်နေသတဲ့။ ဘုရင်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံရဲ့ မိခင်လောင်းကို တင်မြှောက်ဖို့ရာက စလို့ ကြင်ယာတော်ရှာခန်း စခဲ့သတဲ့........