"ဘမ်း...."အစီအစဉ်တွေကို အသေအချာဆွဲပြီးကာမှ ထပ်မံရရှိလာသော သတင်းစကားကြောင့် ဝူဖေး စားပွဲအား လက်ဆပြင်းပြင်းနှင့် ရိုက်ချလိုက်မိသည်။ မြို့တော်မှ ထွက်ခွာတော့မည့် မှောင်ခိုအဖွဲ့အား အမြစ်ပါမကျန် လက်ရဖမ်းဆီးရန် ရည်ရွယ်ထားပြီးမှ မကြာသေးခင်က သိလိုက်ရသော သတင်းကြောင့် ဝူဖေး အလွန်အမင်း ဒေါသထွက်နေမိပါ၏။ဝူဖေးတို့စုံစမ်းရရှိထားသော မှောင်ခိုအဖွဲ့၏ လမ်းကြောင်းသည်က ဟန်ပြအနေအထားတွင်သာရှိပြီး အာရုံလွှဲရန်သပ်သပ် ရည်ရွယ်ထားသည်ဆိုသည့်အကြောင်းကို ထိုအဖွဲ့အား အလစ်ဝင်ရောက်တိုက်ခိုက်ရန် အားလုံးပြင်ဆင်ပြီးသည့်အချိန်တွင်မှ သိလိုက်ရသည့်အတွက်ကြောင့်လည်း လွန်စွာမှခံရခက်ဖြစ်နေလေသည်။ ပမာဏနည်းပါးသော ကုန်များသာ ပါဝင်သည့်အယောင်ပြအဖွဲ့အား ဝူဖေးတို့ အလစ်ဝင်တိုက်နေချိန်တွင် ပင်မကုန်သွယ်လမ်းကြောင်းသည် မြို့တော်အတွင်းမှ အတားအဆီး ကင်းမဲ့စွာ ထွက်သွားနိုင်ပေလိမ့်မည်။ ထို့အပြင် အယောင်ပြအဖွဲ့အား ဝင်ရောက်စီးနင်းလိုက်ခြင်းကြောင့် ရရှိလာမည့် ထိခိုက်မှုပမာဏသည် ရရှိလာမည့် အကျိုးအမြတ်ကိုမှ ကာမိ၊ထေမိခြင်း မရှိပါလျှင် ယခုတစ်ခေါက် စီးနင်းမှုသည် အောင်မြင်လာသည်ဟု မဆိုနိုင်ပေ။ ထို့ကြောင့် စီးနင်းမှုကို ဆက်လက်လုပ်ဆောင်ရန် သင့်၊မသင့် ဟူသည့် ဆုံးဖြတ်ရခက်သည့် အတွေးတို့ကြောင့် အခန်းအတွင်းဝယ် ခြေရာချင်းထပ်နေအောင် ဝူဖေး လမ်းလျှောက်နေမိသည်။
ကုန်အဖွဲ့ကို ဝင်ရောက်စီးနင်းရန် တက်ကြွစွာပြင်ဆင်နေသည့် ညီအစ်ကို တို့၏ မျှော်လင့်ချက်အစုံစုံကို လျစ်လျူရှူရင်း စီးနင်းမည့်အကြံကို လက်လျော့လိုက်တော့မည်ဟု ကြေငြာလိုက်သည်ဆိုလျှင်လည်း တစ်သက်နှင့် တစ်ကိုယ် ထိန်းသိမ်းလာသော ယုံကြည်မှုတို့ လျော့နည်းလာနိုင်ပေ၏။သို့သော် ယုံကြည်မှုတစ်ခုအတွက်နှင့် လဲလှယ်ရမည့်အရာသည်လည်း ပမာဏ သေးငယ်နေခဲ့သည်တော့ မဟုတ်ပေ။ စီးနင်းမှုက အောင်မြင်လာခဲ့သည်ဆိုဦးတော့ ရရှိလာသည့် အကျိုးအမြတ်အနည်းငယ်က ဓားပြတို့၏ ဂုဏ်သိက္ခာအား ချောက်ကမ်းပါးမှ လွှတ်ချလိုက်သည့်အလား ထိခိုက်နာကျင်မှုကို ခံစားရစေနိုင်လေသည်။ ယုံကြည်မှုကို ရွေးမလား၊ ဂုဏ်သိက္ခာကို ရွေးမလား ဟူသည့် ဆုံးဖြတ်ရခက်သည့် အမေးနှစ်ခုကြားတွင်ပင် မဖြစ်နိုင်သော မျှော်လင့်ချက် အသေးစားလေးက မကြာမကြာပင် ဝူဖေး အတွေးထဲသို့ ဝင်ရောက်လာတတ်လေသည်။ ပင်မကုန်အဖွဲ့၏ ကုန်သွယ်လမ်းကြောင်းကိုလည်း အချိန်မီ စုံစမ်းသိရှိနိုင်လျှင် ကောင်းမည်ဟူ၍...
ESTÁS LEYENDO
ကြင်ယာတော်အိမ်ရှေ့စံ
Novela Juvenilဟိုးရှေးရှေးတုန်းက ထန် လို့ခေါ်တဲ့တိုင်းပြည်မှာ ထန်ဝူဖေး လို့ခေါ်တဲ့ ဘုရင်ငယ်လေးက အုပ်ချုပ်နေသတဲ့။ ဘုရင်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံရဲ့ မိခင်လောင်းကို တင်မြှောက်ဖို့ရာက စလို့ ကြင်ယာတော်ရှာခန်း စခဲ့သတဲ့........