ရာသီစက်ဝန်းရဲ့ အစီအစဉ်တကျ လည်ပတ်နေမှုနှင့်အတူ အချိန်သည်လည်း တရွေ့ရွေ့ကုန်ဆုံးလျက်ရှိသည်။
ဝေ့ဝူရှင်းတယောက် လန်ဝမ့်ကျီးနှင့်အတူ ယွင်ရှန်းသို့ လိုက်ပါနေထိုင်ခဲ့သည်မှာလည်း ရက်မှလ လမှနှစ်သို့ပင် ကြာညောင်းခဲ့ပြီဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော် ယွင်ရှန်းပူကျစ်ချူ၌ ဝေ့ဝူရှင်းတယောက် "အကျယ်ချုပ်နန်း"စံမြန်းနေရသည်မှာ ကာလအတန်ကြာမြင့်ပြီဖြစ်သည်။"လန်ဝမ့်ကျီးမျက်နှာ တရွာထင်" ပြီး အလိုက်သင့်လေး နေထိုင်ပေးနေသောငြား ဝေ့ဝူရှန်းတယောက် မမွှေရ ပြသနာမရှာရသည်မှာ နေမချိထိုင်မသာ။ ပျင်းရိခြောက်သွေ့ဖွယ် ရက်ကာလတချို့ ကုန်လွန်အပြီးမှာတော့ ဝေ့ဝူရှင်း၏စိတ်ဆန္ဒတို့ကို ဖြည့်ဆည်းပေးလိုသည့်အလား တောင်အောက်ဆင်းကြမည်ဖြစ်ကြောင်း လန်ဝမ့်ကျီးမှ အသိပေးလာသည်။ ဝေ့ဝူရှင်းသည် အလွန်ဝမ်းမြောက်အူမြူးသွားရပြီး လန်ဝမ့်ကျီးအား နေရာတွင်ပင် ထဖက်မိတော့မတက်ဖြစ်သွားသည်။
ခဏချင်းပင် မျက်နှာပိုးသတ်လိုက်ပြီး မြို့ထဲသို့ သွားကြရမည့် တကယ့်အကြောင်းရင်းကိစ္စရှိမည်ကို သတိရကာ မေးရန် ပြုသည်။ သို့သော်ငြား လန်ဝမ့်ကျီးက အသင့်ပြင်ထားရန်ပြောပြီး လှည့်ထွက်သွားပြီ ဖြစ်သောကြောင့် မမေးလိုက်ရ။ ကိစ္စမရှိချေ… အပြင်ထွက်ရပြီမဟုတ်ပါလား! သွားချင်သည့်နေရာ စားချင်သည့်အရာတို့ကို ကြိုတင်တွေးတောနေရင်း ရှောင်ဖင်းကော် ရှိရာကို ထွက်လာလိုက်သည်။
ရှောင်ဖင်းကော်သည် ခပ်လှမ်းလှမ်းမှ ဝေ့ဝူရှင်းကို မြင်လိုက်ရသော် နှာမှုတ်လိုက်သည်။ ခြေဆောင့်ကာ တဖက်သို့လှည့်သွားပြီး ပြောင်းဖူးတခု ကောက်ဝါးနေလိုက်သည်။ ပန်းသီးတလုံး မုန်လာဥနီတချောင်းမျှ လာကျွေးဖော်မရဘဲ မိမိအား မေ့လျော့ပျော်ပါးနေသော သခင်ဖြစ်သူအား မကြည်ရေးချမကြည်ပါ။
ဝေ့ဝူရှင်းတယောက်ကတော့ဖြင့် သခင်ဖြစ်သူမိမိက အနားရောက်လာသည့်တိုင် လှည့်ကြည့်တော်မူမည့်ပုံလုံးဝမရှိသည့် မြည်းတော်မင်္ဂလာကြောင့် စဉ်းစားရကျပ်နေသည်။ ပါးစပ်တော်ကအဝါးမပြတ်သည့် မြည်းတော်အား အရှေ့တည့်တည့်မှ ဘေးမှ အနောက်မှ စေ့စေ့စပ်စပ် လည့်ပတ်ကြည့်ရှုရင်း အတွေးရောက်ရသည်။