" အာ… ဒါက ဘယ်နေရာပါလိမ့်!? "
တားမြစ်ဆောင်ထဲကို တိတ်တိတ်လေးခိုးဝင်လာတဲ့ ဝေ့ဝူရှင်းတယောက် ပြန်လည်အသိဝင် နိုးထလာတဲ့အခါ ယွင်ရှန်းရဲ့ သူမသိသောနေရာတစ်ခုမှာ ရောက်လို့နေသည်။
ဘေးဘီဝဲယာကြည့်မိတော့ သားနားရိုးရှင်းသည့် အသုံးအဆောင်များက သပ်ရပ်စွာစနစ်တကျ။
တစ်စုံတစ်ဦး၏အခန်းအဆောင်ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ရီဝေနေသောခေါင်းကို အသာထိန်းကာ အခန်းတွင်းမှ ထွက်လာလိုက်တော့ သူရောက်ရှိနေရာသည် လွင်ပြင်ထီးထီးတွင်တည်ရှိသော တစ်ဆောင်တည်းသော အဆောက်အဦးဖြစ်သည်ကို တွေ့လိုက်ရသည်။အဆောက်အဦးဖွဲ့စည်းထားပုံက ရိုးရှင်းသည်မှန်သော်လည်း
ယွင်ရှန်းပရဝုရ်အတွင်းရှိ အခြားသောအဆောင်များနှင့် သိသာစွာ ခြားနားလို့နေသည်။ ထို့ပြင် တိုင်လုံးများတွင်ရေးခြယ်ထားသော ကနုတ်များက အတော်တန် မှေးမှိန်လျက်။ ဤအဆောင်သည် ဝမ်ဂိုဏ်းမှ လန်ဂိုဏ်းအား မီးလောက်တိုက်မသွင်းမီကာလ၌ တည်ရှိခဲ့ဖူးသော အဆောင်ဖြစ်တန်ရာ၏။သို့ဆိုလျှင် တားမြစ်ဆောင်ထဲဝင်လာပြီးနောက် ဝေ့ဝူရှင်း ကိုင်တွယ်ကြည့်ရှုစူးစမ်းခဲ့သည့် ဘဝဂ်သို့ပျံတက်နေဟန် နဂါးနှစ်ကောင်ပုံရေးခြယ်ထားသည့် ကြွေထည်ပုလင်းငယ်က အချိန်ယန္တရား ဖြစ်ဟန်ရှိသည်။ အနှီယန္တရားကြောင့် အတိတ်တစ်ချိန်ဆီသို့ မိမိကရောက်ရှိလာရခြင်း ဖြစ်ပေလိမ့်မည်။
အချိန်တစ်ခုကြာသည်အထိ ပတ်ဝန်းကျင်ကို ဝေ့ဝူရှင်း လေ့လာအကဲခတ်နေသည့်တိုင် လူရိပ်လူယောင်မမြင်ရပေ။ မဟုတ်မှလွဲ ဒီအဆောင်ဟာလည်း တားမြစ်အဆောင်ပဲလား!
အဆောင်အမိုးပေါ်ပျံတက်လိုက်ကာ ပတ်ဝန်းကျင်ကိုတစ်ချက် အကဲခတ်ကြည့်လိုက်သည်။ ယွင်ရှန်းပူကျစ်ခြူကို မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ထားသည်မို့
ရင်းနှီးနေသည့် အဆောက်အဦးပုံစံကို တစ်ခါမျှ အကဲခတ်ရုံနှင့် ဤအဆောင်သည် ယခင်ကတည်းက တားမြစ်ဆောင်ဖြစ်ခဲ့မှန်းသိလိုက်သည်။ပြန်လည်ရှင်သန်လာပြီးနောက် လန်လင့်မြို့တွင် ရီလင်းသခင်ဝေ့ဝူရှင်းဖြစ်ကြောင်း ဖော်ထုတ်ခံရပြီး အသက်လုပြေးခဲ့ရစဉ် လန်ဝမ့်ကျီးက မိမိအား ခေါ်ဆောင်ဝှက်ထားပေးခဲ့ရာ အဆောက်အဦးဖြစ်သည်။
လန်ဝမ့်ကျီး၏သွားလေသူမိခင် နေထိုင်ခဲ့ရာအဆောင်တော်လည်း ဖြစ်ပေသည်။