ယွင်ရှန်းပူကျစ်ချူရှိ စာသင်ဆောင်တခုတွင်ဖြစ်၏။လန်ဝမ်ကျီးသည် စာသင်သားငယ်လေးများ စာအံနေကြသည်ကို အာရုံစူးစိုက်စောင့်ကြပ်ပေးနေလေသည်
သို့သော် သူ့မျက်ဝန်းအစုံသည်ကား အငြိမ်မနေနိုင်…
စာသင်ခန်းအနောက်ဘက်ဆုံးရှိ ပြတင်းပေါက်ဘောင်ပေါ်တွင် ခြေတွဲလွဲချထိုင်လျက် ပျင်းရိသန်းဝေကာ သူ့အားအဖော်ပြုပေးနေသော ကြင်သူသက်ထားလေး ဝေ့ဝူရှင်းထံ မျှော်ကာကြည့်ရသေးသည်… စာသင်သားငယ်လေးများက ကြိတ်ကြိတ်ကြိတ်ကြိတ် စာခိုးမေးနေကြသည်များကိုလည်း စောင့်ကာကြည့်ရသေးသည်…စိတ်ထဲတွင် ယောက်ယက်ခတ်နေသော်ငြား လန်ဝမ့်ကျီးသည် ပကတိအတိုင်း တည်ငြိမ်လှသည်…နံနက်ရောင်နီလာချိန်ဖြစ်၍ နေရောင်ပြောက်ပြောက်ထိုးနေသော စာသင်ခန်းထဲတွင် စာအုပ်ကိုင်ရင်း ဟိုမှသည် သည်မှဟိုကူးကာ လှည့်လည်စာချနေသော လန်ဝမ့်ကျီး၏အသွင်သည် တည်ကြည်အေးချမ်းသော ရှုမငြီးဖွယ်အလှကို ဆောင်လေသည်… စာသင်ခန်းထဲ ပျံ့နှံ့လျက်ရှိသော သြဇာညောင်းသည့် မတိုးမကျယ်အသံတည်တည်သည် အာရုဏ်ဦး၏ မင်္ဂလာတပါးကို ဆောင်ကြဉ်းလျက်။
ဝေ့ဝူရှင်းသည်ကား မြက်တပင်ကိုက်ကာ ငေးရင်းတွေးရင်း တည်ငြိမ်အေးချမ်းသော လန်ဝမ့်ကျီးမျက်နှာတော်ကို ရှုစားရင်း ဝေ့ဝူရှင်းမပီသစွာ တတ်နိုင်သမျှ ငြိမ်သက်နေသည်… အဘယ်ကြောင့်နည်း အဆိုရှိသော် အကြောင်းရင်းသည်ကား ရှိပါ၏…မကြာသေးမီက ညခင်းတောလိုက်ထွက်ကြရင်း
အမှုမဲ့အမှတ်မဲ့ဖြစ်နေသော ဂိုဏ်းသားငယ်လေးအား ရုတ်တရက် တိုက်ခိုက်လာသော ဖုတ်အလောင်းကို စွမ်းအားရှင် ကိုယ်တော်မြတ်က လက်ဗလာဖြင့်ဝင်ရောက်လုံးထွေးရာမှ ဒဏ်ရာအနည်းငယ်ရရှိလာသောကြောင့်ပေ။ ကုတ်ခြစ်ရာအနည်းငယ်မျှက ယခင်ဘဝက ဝေ့ဝူရှင်းအဖို့ ပြောလောက်စရာမဟုတ်သော်လည်း သူ့ဝိဥာဏ်တည်ရာ မော့ရွှမ်ယွီ၏ခန္ဓာကိုယ်ကတော့ဖြင့် အားနည်းလွန်းလှသည်ဖြစ်ရာ လန်ဝမ့်ကျီးစိတ်ပူမည်စိုး၍တကြောင်း ဗီဇအရ ပေါ့ပေါ့ဆဆထားလိုက်သည်ကတကြောင်းကြောင့် ဒဏ်ရာကို ဆေးမထည့်ဘဲထားမိသော ဝေ့ဝူရှင်းတယောက် အနာရင်းပြီးဖျားပါတော့သည်… တီကောင်ဆားပက်ခံရသလို တွန့်လိမ်ကောက်ကွေးကာ ထွန့်ထွန့်လူးအော်ဟစ်သံကို လျစ်လျူပြုပြီး အတင်းကာရော ဆေးလိမ်းပေးရှာသည့် လန်ဝမ့်ကျီးကြောင့် အနာကျက်သွားပြီဖြစ်သော်ငြား ကိုယ်ငွေ့ခပ်နွေးနွေးလေးနှင့် အဖျားရှိန်က ကျန်နေသေးသည်။ လန်ဝမ့်ကျီးက အိပ်ဆောင်အတွင်း၌ နွေးနွေးထွေးထွေးနေခဲ့စေလိုသော်လည်း တိတ်ဆိတ် ငြိမ်သက်ခြင်းကို လက်ခံကျင့်သုံးနိုင်စွမ်းမရှိသေးသော ဝေ့ဝူရှင်းသည် တနေ့လုံး အိပ်ရာပေါ်မလှုပ်မယှက် လှဲလျောင်းနေနိုင်စွမ်းမရှိသလို အခန်းတွင်းအောင်းကာ စာပေကျမ်းဂန်ဖတ်ရှူနေရန်လည်း သမာဓိမတည်ငြိမ်နိုင်ပေ။ ထို့ပြင်
ဤရက်များအတွင်းတွင် ဝေ့ဝူရှင်းသည် ဝမ်းနည်းထိခိုက်လွယ်ပြီး လန်ဝမ့်ကျီးအနားမှမခွာချင်ပေ။ လန်ဝမ့်ကျီးသည်လည်း စာသင်ချိန်မှအပ သူ့နားကနေ ဝေးဝးမသွားသော်ငြား စာသင်ချိန်ခဏလေးကိုပင် လန်ကျန့်ကို မမြင်ရတာ သည်းမခံနိုင်ပေ… ထို့ကြောင့်လည်း ကြိမ်ဖန်များစွာ တောင်းဆိုပြီး လန်ဝမ့်ကျီးစာသင်ရာနေရာသို့သူလိုက်လာခွင့်ရခဲ့ခြင်းဖြစ်ရာ အနှောင့်အယှက်မပေးမိစေရန် တတ်နိုင်သမျှ ငြိမ်သက်နေခြင်းဖြစ်သည်…