Zawgyi
လက်ထပ်ပွဲကို ခင်မင်ရင်းနှီးသူတစ်ချို့နှင့် အကျဉ်းချုံ့ကာကျင်းပခဲ့ပြီး နှစ်ဖက်မိဘတွေနဲ့မနေပဲ နှစ်ဦးသဘောတူ အိမ်ခွဲနေခဲ့ကြသည်မှာ ယခုဆို အိမ်ထောင်သက် တစ်လပင်ပြည့်ခဲ့ပြီ။
ကြင်စဦးသဘာဝ သည်းသည်းလှုပ်ချစ်ခဲ့ကြတာလည်း ဘေးလူတွေအမြင်ကပ်တဲ့အထိ။ တော်ရုံဆို သူတို့လုပ်သမျှပြုံးကာကြည့်နေတတ်သည့် မေနဲ့မာမီးတောင် ဆင်ခြင်ပါဦးပြောမှာမဟုတ်ခဲ့။ သူတို့ကတော့ ပြောတုန်းခဏသာ ဟုတ်ကဲ့ပါ ပြောပြီး ကွယ်ရာရောက်ရင် ပိုနေမြဲကျားနေမြဲ။
ထို့ကြောင့် အိမ်ခွဲနေကြတာ အမှန်ကန်ဆုံးလုပ်ရပ်ဟု မှတ်ချက်ပြုခဲ့ကြ၏။ချစ်သည်၊ ချစ်ခဲ့သည်၊ ချစ်နေဆဲ။ ဒီလူသားအပေါ်မှာ အရိုးရှင်းဆုံး၊ အမြတ်နိုးဆုံး၊ အတွယ်တာဆုံးနဲ့ အနက်ရိုင်းဆုံး ချစ်သည်။ ကြာရင်ရိုးသွားမှာပါဆိုတဲ့စကားတွေက သူတို့အတွက်တော့မဟုတ်ခဲ့။ ထိတွေ့လိုက်တိုင်း ဝိုင်တစ်ခွက်လို ယစ်မူးဆဲ။ အသွေးအသားထဲကဆဲလ်တွေကတောင် ဒီလူသားကို မှတ်မိနေတတ်ခဲ့ပြီ။ ရမက်စိတ်မပါတဲ့အထိအတွေ့တွေမှာတောင် ရင်ခုန်လှိုက်မောရသည်။ ထိုမျှလောက် ကျွန်တော်ခွန်းစစ်သည် ဤလူသား ကလေးငယ်အပေါ်၌ မေတ္တာသက်ဝင်ရပါ၏။
>>>>><<<<<
ခွန်းနဲ့ပတ်သတ်ခဲ့သည့်နောက် ခွန်းသည်သာ သူ့ရဲ့အရာရာဖြစ်မှန်းမသိဖြစ်တည်လာခဲ့သည်။ ဘယ်ချိန်ကစ၍ ဘယ်လိုဖြစ်တည်လာခဲ့သလဲတော့ သူသေချာမသိပေ။ သေချာတာကတော့ ခွန်းကိုချစ်ခွင့်ရခဲ့ခြင်းက ဆုလာဘ်တစ်ခု။ ခွန်းရဲ့ လှုပ်ရှားမူ့၊ အမူအရာတစ်ခုခြင်းဆီက သူ့ကိုအပြုံးတို့ဖြစ်ပေါ်စေ၏။
သူအနှစ်သက်ဆုံးက ခွန်းနှုတ်ခမ်းထက်ကအပြုံး။ တစ်ခါတစ်ရံ သူ့ကိုကြည့်ကာပြုံးပြတတ်တဲ့အချိန်တွေမှာဆို ရင်ထဲ အသေးစားငလျှင်တစ်ခုလှုပ်ခတ်သွားသလို ခံစားရသည်။ အိမ်ထောင်ကျသွားရင် ရင်ခုန်သံတွေအေးစက်သွားမလား စိုးရိမ်ခဲ့ဖူးသည်။ သို့သော် ထိုအတွေးတို့ မှားယွင်းနေကြောင်း ခွန်းက သက်သေပြပေးခဲ့တယ်။
အချစ်က ဗိုက်ဝလို့လား လို့ မေးတဲ့သူတွေကို ဟားတိုက်ရယ်မောချင်မိသည့်အထိ။ အနားမှာရှိနေချိန်တွေဆို ခွန်းမျက်နှာကြည့်နေရုံနှင့် ထမင်းမေ့ဟင်းမေ့။ထိုလူသားအပေါ် ဘဝတစ်ခုလုံးပုံအပ်ကာ ချစ်မိသွားခြင်းကို ဘယ်သောအခါမှ နောင်တရလိမ့်မည်မဟုတ်။ ဆုတောင်းတိုင်းသာပြည့်မည်ဆိုလျှင် နောင်သံသရာအဆက်ဆက် ခွန်းစစ်ဆိုသော ဤလူသားနှင့်သာ ပေါင်းဖက်ရပါလို၏။
YOU ARE READING
အချစ်သို့ ရှုံးနိမ့်ခြင်း (Completed)
Romance[Zawgyi] ကျွန်တော်မချစ်တတ်ဘူး ခွန်း..... အချစ်ခံခဲ့ရဖူးသလားဆိုတာလည်း ကျွန်တော်မသိဘူး..... [Unicode] ကျွန်တော်မချစ်တတ်ဘူး ခွန်း..... အချစ်ခံခဲ့ရဖူးသလားဆိုတာလည်း ကျွန်တော်မသိဘူး.....