Zawgyi
ကျောင်း တရားဝင်ဖွင့်ဖို့က တစ်ပတ်လိုသေးသည်။ ဒီကြားထဲက ရက်တွေမှာ ရှောင်းကျန့်ဟာ ကျောင်းကို နေ့စဉ်အသွားအပြန် လုပ်ဖို့ကိစ္စအတွက် အတော်ခေါင်းခဲနေသည်။ ဘတ်စ်ကားက စီးရတာကိစ္စမရှိပေမယ့် စောင့်ရတာက ကိစ္စရှိသည်။ အခုမှအလုပ်စဝင်တဲ့ ကျူတာတစ်ယောက်အနေနဲ့ ရှောင်းကျန့် နောက်မကျချင်ဘူး။
တက္ကစီခတွေ ခေါင်ခိုက်နေတာကြောင့် တက္ကစီငှါးဖို့လည်း ရှောင်းကျန့်မစဉ်းစားဘူး။ဒါက နေ့စဉ်အလုပ်လေ။ လွယ်တာမဟုတ်ဘူး။
နောက်ဆုံးတော့ ဦးလေးဖြစ်သူ ရှောင်လုဟန်ရဲ့ ခြံထောင့်မှာ ထောင်ထားတဲ့စက်ဘီးတစ်စီးက ရှောင်းကျန့် မျက်စိထဲဝင်ရောက်လာတော့သည်။ စက်ဘီးစီးပါက ကျန်းမာရေးလည်းကောင်း၊ အကုန်အကျလည်းသက်သာ။ မနက်ကတည်းက စောစောထွက်ရင် ကျောင်းကိုလည်း အချိန်မှီိရောက်နိုင်။ ကြည့်စမ်း ဘယ်လောက်အဆင်ပြေလိုက်သလဲ။
ရှောင်လုဟန်ဆီက ခွင့်တောင်းပြီးတာနဲ့ စက်ဘီးလေးကို ပထမတစ်ရက် ထုတ်စီးကြည့်သည်။ ရလဒ်ကတော့ ရှောင်းကျန့် ရဲ့ ဒူးနှစ်ဖက်စလုံး ပွန်းပဲ့သွားတာပါဘဲ။ လွန်ခဲ့တဲ့ ဆယ်ငါးနှစ်လောက်က ပထမဆုံးနဲ့ နောက်ဆုံးစီးခဲ့ဖူးတဲ့ စက်ဘီးကို ရှောင်းကျန့် အခုထိလည်းမစီးတတ်သေးဘူး။
ဒုတိယနေ့။ ရှောင်းကျန့် လက်မလျှော့ဘူး။ နှစ်ချက်လောက်နင်းလိုက်၊ မြေပြင်ကိုခြေချပြီးရပ်လိုက်နဲ့ အိမ်ရှေ့က ကွန်ကရစ်လမ်းပေါ်မှာ ရှောင်းကျန့်ကြိုးစားပြီးအစီးကျင့်နေပါသည်။
တုန်ချိချိနဲ့တစ်ပတ်ပြန်ပတ်လာခဲ့တော့ အိမ်ရှေ့တွင် မယောင်မလည်ဖြစ်နေသော အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်။ရှောင်းကျန့် စက်ဘီးကို ဘေးချပြီး မေးကြည့်လိုက်သည်။