မှိုင်းလွင့်သော

16K 679 13
                                    

Linghting အပြင်အဆင်က ဝါကျန့်ကျန့်ကလေး။ ရှောင်နိုင်းက အလုပ်က ပြန်ရင် ဒီမှာလာသောက်နေကျ။ သူ့ပုံစံက ပေါ့ပေါ့ပါးပါးပဲ။ ခဲရောင်တီရှပ်နဲ့ ဘောင်းဘီတို ဂျင်း အဖြူနဲ့။ မီးလုံး ဝါဝါကလေးတွေက ဆိုင်အတွင်းမှာ ခပ်မှိန်မှိန်မို့ သူပိုလည်းသဘောကျတယ်။ အနည်းဆုံးတော့ မူးပြီးမှောက်သွားရင်တောင် သိပ်ပြီးရုပ်ဆိုးမယ်မထင်ဘူး။

ဒီနေ့တော့ ရှောင်နိုင်းက သူ့စားပွဲရဲ့ ရှေ့မှာ ထူးဆန်းတဲ့လူကိုတွေ့နေရတယ်။ ဆိုင်ထဲက လူတွေ အကုန်လုံးကလည်း သူ့ကို သိသိသာသာ ဒါမှမဟုတ် မသိမသာနဲ့ ကြည့်နေကြတာ။ ယောကျာ်းလေးတန်မဲ့ သူက မှန်ကို ခဏခဏထုတ်ကြည့်နေတယ်။ ရုတ်တရက်ပဲ အဲ့ဒီကောင်လေးက ရှောင်နိုင်း ရှိရာဘက်ကို နောက်လှည့်ကြည့်ပြီး...

"ကျွန်တော့်ကို ကြည့်ရတာ အဆင်ပြေရဲ့လား"

ရှောင်နိုင်း အူကြောင်ကြောင်နဲ့ ပဲ ခေါင်းငြိမ့်ပြလိုက်တယ်။ တကယ်လည်း မဆိုးပါဘူး။ သူက အဖြူရောင်တီရှပ်နဲ့ ခဲရောင် စတိုင်ပန်ကိုဝတ်ထားတာ။ အဖြူရောင်မှာ အနီရောင်တစ်လိုင်းတည်းပါတဲ့ရှပ်! ရုပ်ကလည်းခပ်သန့်သန့်ကလေးရယ်။

အဲ့ဒီနောက်မှာတော့ သူက ဆက်ပြောတယ်။ ရှောင်နိုင်းမှာထားတဲ့ အရက်ခွက်ကို ကောက်မော့ရင်း!

သူက ဒီနေ့ သူ့အတွက် တအားအရေးကြီးတဲ့ မဂ်လာ ပွဲကို သွားမလို့တဲ့! ဒါပေမဲ့ ပြင်ဆင်လာတဲ့ သူ့ပုံကို ပြန်ပြန်ကြည့်ပြီး ရယ်စရာကောင်းလာလို့ မသွားချင်ပြန်တော့ဘူးတဲ့။ ပြောနေတာ ရယ်ရယ်မောမောပါပဲ။

"ခင်များသိလား....သူလက်ထပ်လိုက်တဲ့ တစ်ယောက်က ကျွန်တော်နဲ့ တူပါစေလို့ဆုတောင်းတယ်။ တစ်ချိန်တည်းမှာပဲ မတူပါစေနဲ့လို့လည်းဆုတောင်းတယ်။"

ဝါရွှေရောင် အရက်ခွက်အကြည်လေးက လှုပ်လီလှုပ်လဲ့!

သူကရယ်တယ်။ ရှောင်နိုင်းတစ်သက်မှာ ဒီလောက်အထီးကျန်ပြီး ခြောက်ကပ်ကပ်နိုင်တဲ့ ရယ်သံမျိုးကို မကြားဖူးဘူး။

"ကျွန်တော်နဲ့ တူရင် သူ့ဘဝတစ်သက်လုံး ကျွန်တော့်ကို သတိရနေမှာမို့ ကြိုက်တယ်..."

....

"ဒါပေမဲ့....ကျွန်တော်နဲ့ တူခဲ့ရင်....သူ့ဘေးက လူက ဘာလို့ ကျွန်တော်မဖြစ်ခဲ့ရတာလဲ..."

နောက်ဆုံးမှာ ကောင်လေးက အမူးလွန်ပြီး စားပွဲပေါ် မှောက်သွားခဲ့တယ်။ ပါးပြင်ပေါ် တိတ်တဆိတ်ပဲ စီးကျလာတဲ့ မျက်ရည်စက်ငယ်။

ကောင်လေး လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အနီရောင် ဖိတ်စာကလေးရှိတယ်။

နာမည်တွေကိုတော့ ရှောင်နိုင်း မဖတ်ဖြစ်ခဲ့ဘူး။ တော်တော်ထူးဆန်းတဲ့ ကောင်လေးပဲ လို့တွေ့မိလိုက်တယ်။

ခဏချင်းမှာပဲ ကောင်လေးဖုန်းက တအားမြည်လာတယ်။

ကောင်လေးဘယ်မှာလဲဆိုတာကို ဝမ်ရိပေါ် ဆိုပြီး contact မှတ်ထားတဲ့ တစ်ဖက်က ဖုန်းပိုင်ရှင်ကို ပြောပြခဲ့တယ်။ ပြီးတာနဲ့ သူ အိမ်ပြန်လာတယ်။

Contact name က နာမည်က မတော်တဆမြင်လိုက်ရတဲ့ ဖိတ်စာတစ်ဖက်ခြမ်းက နာမည်လေးနဲ့ တူနေတာကိုတော့ ရှောင်နိုင်း ဂရုမပြုမိတော့ဘူး။

.......

(End)

မှိုင်းလွင့်သောWhere stories live. Discover now