ရိပေါ်ရှေ့တန်းထွက်တဲ့နေ့တွေမှာ ရှောင်းကျန့်က ရိပေါ်ကို မေ့ဟန်ဆောင်လို့ လွမ်းရင်းနဲ့ ကုန်ဆုံးပါတယ်။ လုပ်ငန်းတူ သူငယ်ချင်းတွေက အနေဝေးရင်သွေးအေးသွားမှာနော်လို့စကြတဲ့အခါ သူ့ကိုမြင်တိုင်းတဖြတ်ဖြတ်လက်လာတတ်တဲ့ ကောင်ငယ်ကလေးရဲ့ မျက်ပေတုံးလေးကို မှန်းဆလို့ ရယ်သွမ်းသွေးပါတယ်။ အလုပ်ထဲ ပင်ပန်းလာတဲ့အခါ ရိပေါ်လက်ရေးခပ်စောင်းစောင်းတွေပါတဲ့ ရည်းစားဘဝကစာတွေကို အစအဆုံး ပြန်ဖတ်လို့ အပန်းဖြေတတ်တယ်။ မထင်မှတ်ပဲနဲ့ သူမှီဝဲတဲ့အားဆေးဟာ ဗိုလ်ကလေးပိစိကွေးရဲ့ စာတွေဖြစ်လာတယ်။ အရမ်းလွမ်းတဲ့အခါ ရိပေါ်ခေါင်းလုံးလုံးပေါ်က ဆံပင်တိုစိကွေးတွေကို စိတ်ကူးနဲ့ပဲ ဆွဲဆွဲဖွမိပါတယ်။
ဆုတောင်းသမျှဟာ သူကျန်းမာဖို့ဖြစ်ပြီး လိုချင်သမျှကတော့ သူဘေးကင်းဖို့ပဲ ဖြစ်တယ်။
......
"ရှေ့တန်းက စာလာတယ်ဗျို့"
စက်ဘီးဂလိုင်သံ ကြားတာနဲ့ ရှောင်းကျန့် အိပ်ရာပေါ်ကလူးလဲထလိုက်တယ်။ ညနက်မှ အိပ်ပျော်တာကို ရိပေါ်သာသိရင် ဆူဦးမယ်ထင်တယ်။ ဆွယ်တာတစ်ထည်ကိုဆွဲလဲ ဝတ်လို့ အိမ်ရှေ့ တံခါးကိုဖွင့်လိုက်တယ်။
အညိုရောင်စာအိတ်ကလေးက သူ့ရဲ့ လက်တစ်ကမ်းမှာ။
.....
သို့။
ချစ်ရပါသော မောင့်သက်လယ်။
အများကြီးမမှာချင်ဘူး။ စကားတွေအများကြီးပြောရမှာလည်းပျင်းတယ်။ မောင်စိတ်ချရအောင် နေနေမယ်လို့ ယုံတယ်။ မောင်တို့အခုရောက်နေတဲ့နေရာကို ပြောပြလို့မရပေမဲ့ မောင်အဆင်ပြေပါတယ်။ မောင်တို့တပ်ခွဲကလည်း အကျအဆုံး နည်းတယ်။ ဒီတစ်ခေါက် ရှေ့တန်းကပြန်ရင်တော့ ခွင့်ရက်ရှည် ရမယ်။ အပြည့်အဝအလွမ်းသယ်ချင်တာမို့ ကျန့်ကောက အားမွေးထားရမယ်။ သိလား။
ချစ်တဲ့
မောင်။
......
စာအိတ်ရှည်ထဲ ကပ်ထည့်ထားတဲ့ တောမြက်ပင်ရှည်ကလေးက နည်းနည်းခြောက်သွေ့နေပြီ။
စာအိတ်တိုင်းမှာ ပါလာတတ်တဲ့ ရောက်တဲ့နေရာတိုင်းက အမှတ်တရ တခုခုအတွက် ရိပေါ်က ပန်းပွင့်ကလေးတွေ ဒီလိုလှတဲ့ မြက်ပင်ရှည်ကလေးတွေ။ ကိုင်းပင်ကလေးတွေကို ညှပ်ထည့်ပေးလိုက်တတ်တယ်။
ကျွန်းသေတ္တာငယ်လေးထဲကို တရိုတသေ ဖိညှပ်ထည့်ပြီး ပြတင်းတံခါးကနေ အပြင်ကို ငေးမိတယ်။ မိုးကတဖွဲဖွဲ။
သွက်သွက်ခါအောင်ချစ်မိသွားဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်မှာ ဖွဲ့နွဲ့ထားတဲ့ စကားတွေအများကြီးမလိုပါဘူး။ ထပ်တူကျတဲ့ ခံစားချက်တွေပဲ လိုတာ။
ဥပမာ။ ရိပေါ်က သူ့ကို လွမ်းပါတယ်လို့ဆိုတဲ့အခါ
အင်း။ ငါရောပဲ လို့ ပြန်ပြောမိတာမျိုးပေါ့။ဒါလေးပါပဲ။ ဒီလောက်ကလေးပဲ။
အချစ်ရှိတော့ အလွမ်းလေးလည်း ရှိရတယ်။
ပြီးပါပြီ။
A.N
နည်းနည်းလေပေါမယ်ဗျာ။
ဒါလေးရေးဖို့ စိတ်ကူးမိခဲ့တာ ရိပေါ်ရဲ့ ဇာတ်ကားသစ်က ပုံတွေမြင်ပြီးတဲ့ အချိန်မှာပါ။ ကာရိုက်တာ အသစ်နဲ့ ပုံစံကြောင့် အရမ်းအရမ်းမိုက်တဲ့ fanfiction တွေလည်းထွက်လာပါတယ်။ ဒါကြောင့်ကျွန်တော်လည်း အမှတ်တရလေးတစ်ခုချန်ထားချင်ပြန်ပါတယ်။
သိကြတဲ့အတိုင်း ရှိကာ ဆိုတဲ့တစ်ယောက်က စာရေးတာ အရမ်းရိုးပါတယ်။ ပလော့စီတာလည်း ရိုးတယ်။ ဇာတ်အိမ်မဆန်းဘူး။ ပြောရလောက်တဲ့ ဖွဲ့နွဲ့မှုတွေလည်း မပိုင်နိုင်ဘူး။
ဒါပေမဲ့ အဲ့ဒီ အရမ်းရိုးတာကပဲ ရှိကာ ရဲ့ အားသာချက်ဖြစ်တယ်လို့ ယူဆပါတယ်။
အရမ်းမိုက်တဲ့ ရဲနဲ့ဆရာဝန် စစ်သားနဲ့ ဆရာဝန် fiction တွေကြားမှာ ဒီအတိုင်းလေးပဲ ချစ်ဖို့ကောင်းတဲ့ တူးရှော့ လေး တစ်ခုကို ရေးမိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မွေးနေ့ အမှတ်တရလည်းဖြစ်ပါတယ်။
အားလုံး သဘောမကျရင်တောင် ဖတ်ပြီးပြုံးမိရင် ကျွန်တော်ပျော်မိမှာပါ။
ကျေးဇူးတင်ပါတယ်ဗျာ။