"ဆရာ ဒီနေ့စောတယ်"
ကျောင်းသားတွေရဲ့အဖြေလွှာကို စုပုဆွဲကိုင်ရင်းကနေ ရှောင်းကျန့် ပြုံးပြလိုက်တယ်။ နှာတံနားက မျက်မှန်ကို လက်ညှိုးဖျားနဲ့ တွန်းတင်လိုက်ရင်း...
" ဟုတ်တယ်။ အိမ်က ပုစိကွေးက ဂျီနေလို့"
"အယ်...တော်တော်ဖျားနေတာလား။ နှစ်ရက်တောင်ရှိပြီ။"
"ဟုတ်တယ်ဗျာ။ သိပ်တော့ မစိုးရိမ်ရတော့ပါဘူး။ ဆရာဝန်လည်း သူတစ်ယောက်နဲ့တင် ဗျာများနေရတာ အားနာလှပြီ"
"ငယ်ငယ်တုန်းကလို ဆေးထိုးမယ်ဆို ပတ်ပြေးနေလို့လား"
"မဟုတ်ဖူး အံကြိတ်ပြီးတောင့်ထားလွန်းလို့ အပ်ကွေးကွေးသွားလို့ "
"လုပ်ပြီ"
လုပ်ဖော်ကိုင်ဖက်ဆရာမလေးက တအားရယ်ပါရော။
ရှောင်းကျန့်နောက်တစ်ခါပြန်ပြုံးလိုက်တယ်။
ဒီတစ်ခါမှာတော့...ကြည်နူးရိပ်နဲ့ ရောတဲ့ အပြုံး။
.....
အလုပ်ဆင်းအလုပ်ပြန် ဘတ်စ်ကားက ဒီနေ့မှာ လူနည်းနည်းချောင်တယ်။ ထိုင်ခုံနေရာ ရတာမို့ ရှောင်းကျန့်က ပါလာတဲ့ အိတ်ကိုပေါင်ပေါ်တင်ပြီး ပြတင်းနားမှာကပ်ထိုင်လိုက်တယ်။ တရိပ်ရိပ်ပြေးသွားတဲ့ မြင်ကွင်းတွေ...။ ဒါက အိမ်ပြန်လမ်းဆိုတာကို တွေးလိုက်ရုံနဲ့ ရှောင်းကျန့် နှလုံးတွေနွေးသွားတယ်။
သူနဲ့ အသက် ဆယ့်တစ်နှစ်ကွာတဲ့ အစ်မက သူ့အသက် ဆယ့်ကိုးနှစ်မှာ နောက်အိမ်ထောင်ပြုလိုက်တယ်။
အဲ့ဒီနေ့ပဲ ထင်ပါရဲ့...။
ဒီတစ်သက်တော့ ခုန်တော့မယ်မထင်ဘူးလို့တွေးခဲ့မိတဲ့ နှလုံးသားက ဆတ်ဆတ်ခါအောင် လှုပ်ရှားခဲ့တာ။
.......
(အမ အမျိုးသားရဲ့ သားလေးလေ။ ရှောင်းကျန့်အတွက် တူလေးတစ်ယောက် ရပြီပေါ့)
ရေခဲမုန့်ဘူးကို ခြေနှစ်ဖက်ကြားက ဂွထဲမှာ ထားပြီး ဇွန်းကိုကိုက်လို့ မော့ကြည့်နေခဲ့တဲ့ ကလေးလေးဟာ..ရွှေအိုရောင်သမ်းတဲ့ ဆံပင်ဆိုးဆေးနဲ့ ဖျစ်ညစ်ပစ်ချင်စရာ ပါးဖောင်းဖောင်းလေးတွေလည်း ရှိနေသေးတယ်။
ရှောင်းကျန့်ကတော့ ကောင်လေးအေးမှာ စိုးရိမ်နေခဲ့တယ်။
.......