မနက်အိပ်ယာနီးတဲ့အချိန်ကနေ အခုချိန်ထိအိမ်အပေါ်ထပ် ပြတင်းပေါက်ကနေ ခြေတစ်ဖဝါးမှမခွာဘဲ အလုပ်ရှုပ်နေတဲ့ကျွန်တော့်ကို မေမေတို့ကြည့်မရတော့ပါ။အခုလည်း နေ့လယ်စာ စားချိန်ရောက်ပြီမို့လို့ ကျွန်တော့်ကိုထမင်းစားဖို့ခေါ်နေလေပြီ။
"သား မစားအားသေးဘူး ကိုယ့်သားလေးကိုသိပ်စေတနာရှိရင်တော့ ထမင်းနဲ့ဟင်းဒီနားကိုလာပို့ပေးလေ "
အာရုံက လုပ်နေတဲ့အလုပ်ကနေ မရွှေ့ဘဲအောက်ထပ်ကအမေကြားအောင် အော်ပြောတော့ အမေကျွန်တော့်ကိုအမြင်ကတ်တဲ့အဆင့်တိုးသွားတော့တယ်။
"ကြီးကြီးကျယ်ကျယ်ဟယ် မစားနဲ့ပေါ့
မေမေသူ့ကို အငတ်ထားလိုက်"အစ်မရဲ့ အမေ့ကိုမြှောက်ပင့်သံကိုလည်း ကျွန်တော်စိတ်မဝင်စားတော့။ထမင်းမစားရလို့ ဒီပတို့ ဂရုမစိုက်ပါ။နေရာကနေ နည်းနည်းမှမရွေ့ရအောင် မုန့်ပုံး၊အအေးဗူးတွေက အနားမှာအဆင်သင့် ယူထားပြီးသား။မုန့်ပုံးထဲက ခေါက်မုန့်တစ်ချပ်နှစ်ချပ်ယူစားလိုက်ပြီး မှန်ဘီလူးထဲကမြင်ကွင်းကိုသာ အာရုံစိုက်တယ်။
ant man ရုပ်ပုံရိုက်နှိပ်ထားတဲ့ တီရှပ်ကို ချွတ်ချလိုက်ပြီး ပုဆိုးခပ်တိုတိုသာ ကျန်တော့တဲ့ ကိုဝဏ္ဏရဲ့ ကျစ်လစ်ပြေပြစ်တဲ့ body ကိုကြည့်ပြီး ကျွန်တော် ရူးသွားတယ်။တစ်ဆက်တည်းမှာပဲ ဘေးမှာအဆင်သင့်ဆောင်ထားတဲ့ Zooming lense တပ်ထားတဲ့ ဖုန်းကင်မရာကနေတစ်ဆင့် မမေ့မလျော့ ပုံရိပ်ကိုဖမ်းယူလိုက်ပါတယ်။
ကိုဝဏ္ဏကတော့ မနက်ကတည်းက ဖက်နေတဲ့အင်္ဂလိပ်စာအုပ်ကို ဆက်ဖတ်နေတယ်။ကျွန်တော့်ထက် ကိုဝဏ္ဏအာရုံကိုပိုယူနိုင်တဲ့ အဲဒီစာအုပ်တွေကို ကျွန်တော် မနာလို လိုက်တာ။
အနီးကပ်ရှိနေတဲ့အချိန်တွေမှာ စိတ်ကြိုက်ငေးခွင့်မရှိခဲ့တဲ့ မျက်နှာချောချောလေးကို အနုစိတ် ငေးကြည့်နေလိုက်တယ်။အဲဒီမျက်နှာလေးကို ကျွန်တော်နမ်းချင်လိုက်တာ။မနက်ကတည်းက ကြည့်နေတာဆိုပေမဲ့ ကျွန်တော့်အတွက်တော့ ကိုဝဏ္ဏက ရိုးမသွား။
မျက်လုံးကျဉ်းကျဉ်းလေးကိုအနီးကပ် Zoom ဆွဲကြည့်နေရင်း ကျွန်တော့်ရင်တွေ ဒုန်းဒုန်းဒိုင်းဒိုင်းခုန်ပေါက်လို့ပေါ့။နှာတံသွယ်သွယ်လေးအောက်က နှုတ်ခမ်းသားပါးပါးလေးကိုလည်း ကြည့်လို့ကို မဝနိုင်တော့ပါ။ကိုဝဏ္ဏကိုကြည့်နေရင်းနဲ့ အဆိုတော် အာဇာနည်ရဲ့ သီချင်းတစ်ပုဒ်ကို သွားသတိရတယ်။"လှလို့ချစ်တာမဟုတ် ချစ်လို့လှတာပါ" ဆိုတာလေ။ကိုဝဏ္ဏကို ချစ်တဲ့ ကျွန်တော့်အချစ်ကလည်း အဲဒီလိုမျိုးပဲ။ကိုဝဏ္ဏချောနေလို့ ကျွန်တော် ချစ်တာမဟုတ်ဘူး။ ကျွန်တော် ချစ်နေလို့ ကိုဝဏ္ဏက ပိုပိုပြီး ချောလာတာမျိုး။
YOU ARE READING
သူစိမ်း (Unicode & Zawgyi) [ Completed ]
HumorUnicode အဖေ့ငယ်ချစ်က ယောက်ျားတစ်ယောက်ဆိုတာကိုမထင်မှတ်ဘဲ သိလိုက်ရတဲ့အပြင် အဲဒီလူနဲ့သူ့အဖေ အတူနေကြတဲ့အခြေအနေကို straight ဖြစ်နေတဲ့ဝဏ္ဏကဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုနားလည်ပေးမလဲ? တစ်ချိန်တည်းမှာပဲ ရည်းစားဦးရဲ့မောင်က သူ့ကိုချစ်နေကြောင်း သိလိုက်ရတဲ့အခါမှာတော့...