Part 2

4.7K 428 15
                                    

(Zawgyi)

Night Club ဆိုတဲ့အတိုင်း ညမှသာအသက်ဝင်ပြီး မနက်ပိုင်းမှာတော့ တိတ်ဆိတ်ခြောက်ကပ်နေတာများ သရဲခြောက်မှာတောင်ကြောက်ရတယ်...။ တိတ်ဆိတ်ခြင်းနဲ့အသားကျနေသူ ထယ်ယောင်းအဖို့ကတော့ လူသူမရှိတဲ့ကလပ်ထဲမှာ သန့်ရှင်းရေးအလုပ်ကို စတင်လုပ်ကိုင်နေခဲ့တယ်...။

အရက်ပုလင်းခွံတွေ ဘီယာပုလင်းခွံတွေကို recycle ပြန်လုပ်မယ့်ခြင်းထဲထည့် အမှိုက်တွေ စားကြွင်းစားကျန်တွေကိုတော့ ခြင်းသပ်သပ်တစ်ခုထဲတွင်ထည့်နဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေတယ်...။ အမှိုက်သိမ်းလို့ပြီးတော့ ဖုန်စုတ်စက်နဲ့ လိုက်လံရှင်းလင်းရသေးတယ်...။ ပင်ပန်းလားဆိုတော့ ဒီအလုပ်လုပ်လာတာပဲ ၃နှစ်ကျော်လောက်ရှိနေပြီမို့ အသားတောင်ကျနေပြီလို့ ပြောရမယ်...။

တကယ်တော့ထယ်ယောင်းဆီမှာ မိဘတွေမရှိကြတော့ပါ...။ တစ်ဦးတည်းသောဆွေမျိုးဖြစ်တဲ့ ဦးလေးဖြစ်သူကတော့ ဆွံ့အနေရှာတဲ့တူလေးကို သေချာစောင့်ရှောက်ပေးပါသေးတယ်...။ သို့သော်လည်း သူအလုပ်လုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆမှုဖြစ်အပြီး ခြေတစ်ဖက်ဖြတ်လိုက်ရပြီးတဲ့နောက် အရင်လိုအလုပ်မလုပ်နိုင်တော့ပါ...။ ဒါကြောင့်ပဲထယ်ယောင်းက အလယ်တန်းနဲ့ကျောင်းထွက်ပြီးကလပ်မှာတောက်တိုမယ်ရ အလုပ်လာလုပ်တာပေါ့...။ ဦးလေးခမျာမှာလည်း ထယ်ယောင်းကို အလုပ်မလုပ်စေချင်ပေမယ့်လည်း မတတ်သာတဲ့အခြေအနေမို့ ခွင့်ပြုထားရခြင်းသာ...။ ထယ်ယောင်းကတော့ ကျေးဇူးရှင်ဖြစ်တဲ့ဦးလေးကို ပြန်လုပ်ကျွေးခွင့်ရတာမို့ သူ့အလုပ်ကိုလည်း သိမ်ငယ်တယ်လို့မထင်ပါ...။

တစ်ယောက်တည်းအလုပ်တွေပတ်လုပ်ရင်း အချိန်အတန်ကြာတော့ အမှိုက်ပစ်ဖို့ကလွဲပြီး အားလုံးပြီးစီးသွားလေပြီ...။ ထယ်ယောင်းလည်း ပင်ပန်းသွားပြီမို့ ဆိုဖာတစ်ခုပေါ်မှာ ခပ်လျောလျောမှီထိုင်ရင်း ခေတ္တမျှအမောဖြေလိုက်တယ်...။ ပြီးရင်တော့ စားဖိုဆောင်က Arjuma ဆီမှာ စားစရာတစ်ခုခုလောက် သွားတောင်းစားဦးမှပဲလို့လည်း တွေးနေမိသေးတယ်...။

"ယောင်းငယ်ရေ...!!!"

လူကအထဲမရောက်လာသေးပဲ အပြင်ကနေလှမ်းခေါ်လိုက်တဲ့ အသံတစ်ခုကြောင့် ထယ်ယောင်းဆတ်ခနဲဖြစ်သွားတယ်...။ သူ့မျက်နှာနုနုလေးထက်မှာလည်း အပြုံးတို့ချက်ချင်းဖြစ်တည်လာခဲ့တယ်...။

Silent (Completed) Where stories live. Discover now