Unicode
ဗီရိုထဲက အဝတ်တွေလည်း ကုတင်ပေါ်မှာ ပြန့်ကျဲလို့နေပြီ။ Chanyeol မှာ အခုထိ ဘာဝတ်ရမလဲမသိသေးပေ။ ချာတိတ်နဲ့ တွေ့ရမည်ဆိုကတည်းက ရင်ခုန်နေတာနဲ့ တစ်ညလုံးလည်း သေချာအိပ်မပျော်ခဲ့။
အခုလည်း မနက်အိပ်ရာနိုးကတည်းက ရေကို စိမ်ပြေနပြေချိုးပြီး သဘတ်တစ်ထည် ခါးမှာပတ်လျက် အင်္ကျီရွေးနေမိတာဖြစ်သည်။
အရင်က စွဲစွဲမြဲမြဲဝတ်ခဲ့တဲ့ ရှပ်အင်္ကျီအဆင်စုံ၊ အကွက်စုံ၊ ကာလာစုံကလည်း အခုကျမှ အရောင်မထွက်တော့သလိုလို၊ လူကြီးဒီဇိုင်းပဲ အရမ်းဖြစ်နေသလိုလို။ Chanyeol မျက်လုံးထဲမှာတော့ လုံးဝကို အဆင်မပြေနေပါ။
ချာတိတ်က ကလေးဆန်ဆန်လေးတွေဝတ်တတ်တာမို့လို့ သူက ဒီလိုပုံစံကြီးဝတ်သွားရင် အရမ်းကို မလိုက်မဖက်ဖြစ်နေမှာသေချာ၏။
အတတ်နိုင်ဆုံးတော့ သူနဲ့ချာတိတ်ရဲ့ အသက်ကွာခြားမှုကို မသိသာစေတဲ့ပုံစံမျိုးပဲ Chanyeol ဝတ်ချင်မိသည်။
"အဟင်း.. ကလေးကို မုန့်ပေးကြိုက်မိတော့လည်း.."
ရှားရှားပါးပါး ထောင့်မှာကပ်နေတဲ့ အစိမ်းနုရောင်ဆွယ်တာလေးကို ဗီရိုထဲကထုတ်ရင်း သူ ခပ်တိုးတိုး ညည်းညူမိပေမဲ့လည်း ပျော်ပါသည်။
ဘဝကြီးမှာ လူကြီးက မုန့်ပေးကြိုက်တိုင်းလည်း ကလေးက စားဦးမှကိုး.. သူ့ကလေးလေးက သူ့ကိုဆိုရင် အမြဲတမ်း အမြင်ကြည်ပြီး ချစ်ပေးနေလို့သာ သူ့မှာ ရင်မကွဲရတာဖြစ်သည်။
အတိတ်မှာ သူလုပ်ခဲ့တဲ့ကိစ္စတွေကြောင့် ချာတိတ်သာ စိတ်နာပြီး သူ့ကိုမုန်းသွားကြည့်ပါလား.. ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်မှာ သူ ဘယ်လိုနေရပါ့မလဲ..။
ဆွယ်တာအင်္ကျီကို Chanyeol ကမန်းကတန်း မီးပူတိုက်ပြီး လိုက်ဖက်လောက်မယ်လို့ထင်ရတဲ့ ဘောင်းဘီအဖြူကိုပါ တစ်ခါတည်း ခေါက်ရိုးကျိုးနေအောင် မီးပူတိုက်လိုက်သည်။
အချိန်သိပ်မရှိတော့တာမို့လို့ အဝတ်အစားအမြန်လဲပြီးတာနဲ့ အသင့်ထုတ်ထားတဲ့ ခါးပတ်ကို ပတ်ရသည်။ ဆံပင်တွေကိုလည်း အရင်လို နဖူးပေါ်အောင် လှန်မတင်တော့ဘဲ အရှေ့ကိုပဲ ချထားဖို့ တွေးမိသည်။ အဲ့လိုက ပိုပြီးတော့ လူငယ်ဆန်စေသည်မလား။
YOU ARE READING
Give and Take
FanfictionOverprotective big brothers fall for each other's little brothers. (Nov 6th, 2018 - May 7th 2020)