အပိုင်း(၈)
နှစ်နိုင်ငံယဉ်ကျေးမှုအဆောက်အဦ မြေနေရာအတွင်း တာဝန်ရှိသူလူကြီးမင်းက ရှင်းလင်းပြောပြနေသည်ကို ခေါင်း တညိတ်ညိတ်ဖြင့် စိတ်ဝင်စားစွာ နားထောင်နေသည့် လုဟန်၏ ပုံရိပ်ကလေးကို ဆယ်ဟွန်းပြုံးကာကြည့်နေမိသည်။ ဟန်တိုင်းပြည်၏ မင်းသားငယ်ဆိုသော်ငြား ထူးခြားသည့် ပကာသနဝတ်ဆင်မှုမျိုးမရှိဘဲ နို့နှစ်ရောင် ရိုးရာဝတ်စုံ လေးဖြင့် လုဟန်က ထင်းလင်းတောက်ပနေလေ၏။ သူ ခဏတာမျှရပ်ကြည့်နေမိပြီးမှ ထိုနေရာဆီသို့လှမ်းလာခဲ့လိုက်သည်။
“အားလုံးအဆင်ပြေရဲ့လား။”
“ဟုတ်ကဲ့ အိမ်ရှေ့စံမင်းသား။ အားလုံးအဆင်ပြေပါတယ်ခင်ဗျာ.”
“မင်းသားလုဟန် ရောအဆင်ပြေရဲ့လား။”
ဆယ်ဟွန်းက ပြန်ဖြေဆိုသူလူကြီးမင်းကိုမကြည့်။ လုဟန်ကိုကြည့်ကာဆိုတော့ လုဟန် တည်တည်ငြိမ်ငြိမ်လေးပင် အရိုအသေ ပေးလျက် ပြန်ဖြေသည်။
“ဟုတ်ကဲ့.။ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.အိမ်ရှေ့စံမင်းသား။”
ဆယ်ဟွန်း မချိပြုံးလျက်သာ ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေလိုက်ပါသည်။ လုဟန် ဒီတိုင်းပြည်ကိုရောက်ပါပြီဆို ပြန်လွှတ်ဖို့စိတ်ကူး ဆယ်ဟွန်းမှာ နည်းနည်းမှ မရှိတော့။မရ ရသည့်နည်းဖြင့် ဖမ်းဆွဲထားမည်သာ။
“တပ်မှူးပတ်.လာပါတယ် မင်းသား။”
အနားက ကိုယ်ရံတော်၏အသိပေးစကားသံနှင့်အတူ ဆယ်ဟွန်းလှည့်ကြည့်လိုက်တော့ဝတ်စုံပြည့်ဖြင့် ချန်းယောလ်က သူတို့ဆီ လှမ်းလာနေသည်။ လုဟန်ကို မြင်သွားသည့်အခါ အနည်းငယ်အံ့သြသလိုဖြစ်သွားပြီးမှ အကြည့်ရုတ်သိမ်းလျက် ဆယ်ဟွန်းကို အရိုအသေပေးသည်။ပြီးမှ လုဟန်ကိုပါ နှုတ်ဆက် ၏။
“မင်းကြီး က အခေါ်ရှိလိုက်တယ်။ မင်းသား ဒီဘက်မှာဆိုလို့ ကျွန်တော် ဒီဘက်လာစရာရှိတာနဲ့ တစ်ခါတည်းသတင်းပါး ပေးတာပါ။”
“သိပြီ။ ငါခုပဲသွားလိုက်မယ်။ လုဟန်-- သွားပြီ နော်.”
“ဟုတ်ကဲ့.”