အပိုင်း(၅)
နန်းတော်အတွင်းရှိ စစ်ရေးလေ့ကျင့်ကွင်းအတွင်း အိမ်ရှေ့စံမင်းသားနှင့် စစ်သူကြီးတစ်ယောက် တိုက်ခိုက်နေကြသည်။ ချွေးသံတရွှဲရွှဲဖြင့် အိုဆယ်ဟွန်းသည် အသိစိတ်လွတ်နေသလို ပြင်းပြင်းထန်ထန်လေ့ကျင့်တိုက်ခိုက်နေသည်မို့ စစ်သူကြီး သည် အထူးသတိထားနေရသည်။ နောက်ဆုံး မတတ်သာတော့သည့်အဆုံးမှ စစ်သူကြီးက တိုက်ကွက်ပြောင်းကာ ဆယ်ဟွန်း ၏ ဓါးကိုလွတ်ကျစေလိုက်သည်။ဆယ်ဟွန်းသည် စစ်သူကြီးကို မနိုင်။ သူ့ တိုက်ခိုက်ရေးပညာက စစ်သူကြီး သင်ပေး ထားသည်မို့။
“တိုက်ခိုက်နေတုန်း စိတ်လွတ်လို့မရပါဘူး အိမ်ရှေ့စံမင်းသား။”
“အင်း ကျွန်တော် စိတ်မထိန်းနိုင်ဖြစ်သွားတယ် တောင်းပန်ပါတယ် ဆရာ။”
“ပြောရမယ်ဆို အိမ်ရှေ့စံမင်းသားရဲ့ တိုက်ခိုက်ရေးအတတ်က အတော်လေးတိုးတက်လာပါတယ်။ဒါပေမယ့် စိတ်ပင်ပန်းချိန်အသိလွတ်နေတယ်ထင်ပါတယ်။ စိတ်စုစည်းပေးပါ မင်းသား။ဒါဆို--”
စစ်သူကြီးက နှုတ်ဆက်သည်မို့ ဆယ်ဟွန်းခေါင်းညိတ်ပြလိုက်သည်။ ဝတ်ထားသည့် ချပ်ဝတ်တန်ဆာတစ်ချို့ကို အနားက အသင့်ရှိနေသည့်ရဲမက်တွေထံ လွှဲပြောင်းပေးရင်း ကွင်းထဲမှ ထွက်လာခဲ့တော့သည်။ သူ့ ဘဝ ကိုသူ ရယ်လည်းရယ်ချင်သည်။ စိတ်လည်းနာ၏။ ဘာလို့များ တစ်ချိန်လုံး စိတ်ပင်ပန်းနေရကာ အလွမ်းသမားဖြစ်နေရပါသနည်း။သက်ဆိုင်သူကတော့ တခြားတစ်ယောက်ယောက်နဲ့ပျော်မွေ့နေလေရောပေါ့။ စင်္ကြန်တစ်လျှောက် လျှောက်လာရင်း အိမ်ရှေ့စံမင်းသား အဆောင်တော် ဆီရောက်လာသည်။ ခြံဝန်းအတွင်း လသာဆောင်အိမ်လေးဆီ အကြည့်ရောက်တော့ သူ ခြေလှမ်းမဆက်နိုင် စွာ လာခဲ့လိုက်မိသည်။
ဒီနေရာ--ဒီ ဝန်းကျင်မှာ ပျော်ခဲ့ကြဖူးသည်။ အနမ်းတွေဖလှယ်ခဲ့ကြဖူးသည်။ သို့ပေမယ့် ခုများတော့ဖြင့် ပုံပြင် ဇာတ်ကြောင်း ဟောင်းတစ်ခုလို ဖြစ်နေခဲ့ပါရောလား။သမင်ငယ်မျက်ဝန်းတွေနှင့်ပိုင်ရှင်သည် နှလုံးသားကို စွန့်ခွါရက်ခဲ့လေရဲ့။
“မင်းသား-”
“ဟင်- ဘယ်သူက ဒီနေရာကိုခြေချခွင့်ပေးလို့လဲ. ခုချက်ချင်းနောက်ဆုတ်စမ်း.”