(Unicode)
"ဒါဆို ကျွန်တော်တို့ တွဲရအောင်..."
ချာ့ခ်ျကျောင်းရှေ့က ဝါထိန်နေတဲ့ ကမ္ဘာဦးပင်အောက်မှာ ကောင်လေးက ဖြူစင်တဲ့ မျက်နှာနဲ့ ပြောလာခဲ့တယ် ။ လေနဲ့အတူ တဖွဲဖွဲကြွေလာတဲ့ အဝါရောင် ကမ္ဘာဦးရွက်တွေကြားထဲ ကောင်လေးက ပြိုင်ဘက်ကင်း တောက်ပနေခဲ့တာပေါ့ ။
"ကျွန်တော်နဲ့ဆို ခင်ဗျား ပျော်ရွှင်ရစေမယ်လို့ ကတိပေးတယ်..."
ကောင်လေးရဲ့ စကားအဆုံး သူဘာမှပြန်မပြောလိုက်ရသေးခင်မှာပဲ သူ့ရဲ့ မြင်ကွင်းက ဖြူဖွေးသွားတယ် ။ ပင်လယ်လှိုင်းပုတ်သံလိုလို ၊ ရယ်မောသံလိုလို အသံတွေက တဖြည်းဖြည်း မှေးမှိန်လာပြီးတဲ့နောက် သူမြင်ရတာတွေအကုန် ပျောက်ကွယ်သွားတယ် ။
အဝါရောင် ကမ္ဘာဦးရွက်လေးက သူ့မျက်နှာပေါ် ကြွေကျလာတာကို နောက်ဆုံးမြင်လိုက်ရတယ် ။ မှိတ်ချလိုက်မိတဲ့ မျက်လုံးတွေကို ပြန်ပြီးဖွင့်ကြည့်လိုက်ပြီးတော့မှ သူလက်ရှိရောက်နေတဲ့နေရာက အဝါရောင်ကမ္ဘာဦးရွက်တွေကြားထဲ မဟုတ်ဘဲ ထူးမခြားနားတဲ့ သူ့ရဲ့ အိပ်ရာပေါ်မှာ လှဲလျောင်းနေခဲ့တာမှန်း အသိဝင်လိုက်တယ် ။
အတိတ်က ပြန်မရနိုင်တဲ့ နေ့ရက်တွေကို အိပ်မက်မက်နေကြောင်း သတိရတဲ့အခါ အသိစိတ်ကင်းမဲ့စွာ အိပ်ရာပေါ်မှာ ထထိုင်မိရင်း ။ သူ့ဘေးနားမှာ ဘာကမ္ဘာဦးရွက်တွေမှ ရှိမနေသလို ဘေးက အိစက်တဲ့ အိပ်ရာပေါ်မှာလည်း တစ်ယောက်မှ ရှိမနေဘဲ အေးစက်စက် ။
အခန်းထဲမှာလည်း ပစ္စည်းတွေက ဟိုတစ်စ ဒီတစ်စ ကွဲကြေပွရှုပ်လို့ ။ ညတုန်းက ဖန်ကွဲစတွေကို သူနည်းနည်းလေးတောင် သန့်ရှင်းရေးမလုပ်ခဲ့ဘဲ စိတ်ညစ်ညစ်နဲ့ ဒီတိုင်း အိပ်ခဲ့တာကြောင့် အိပ်ရာပေါ်က ခြေချတဲ့အခါ အကာအကွယ်မရှိတဲ့ ခြေထောက်က ဖန်ကွဲစတစ်ခုပေါ် တက်နင်းမိသွားတယ် ။
နာကျင်လား ၊ မနာကျင်လားတောင် မသိတော့ဘဲ ထုံထိုင်းနေတဲ့ခြေထောက်က သွေးတွေ စိမ့်ထွက်လာတာကို မြင်လိုက်ရတယ် ။
သူမှတ်မိသလောက် မနေ့က သူတို့နှစ်ယောက်က အပြန်အလှန်အော်ဟစ်ဆဲဆိုကြရင်း ၊ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင် စကားနာထိုးကြရင်း စိတ်မထိန်းနိုင်တော့တဲ့ ကောင်လေးက ထုံးစံအတိုင်း ပစ္စည်းတွေအပေါ် ဒေါသတွေ ပုံချပစ်တယ် ။ 'ဘယ်တော့မှ ပြန်မလာဘူး 'လို့ ခပ်ကျယ်ကျယ်အော်ပြီး အိမ်ထဲက ထွက်သွားတဲ့ ကောင်လေးက ညဘက် နွေးနွေးထွေးထွေး အိပ်ပါရဲ့လားလို့ သူစိုးရိမ်စိတ် ဝင်မိပြန်ရော ။
YOU ARE READING
Passerby
FanfictionLet's be strangers who just pass by in our life. [EDITED] Chanyeol×Baekhyun