2.8K 137 5
Zawgyi 🏆
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Zawgyi 🏆
အရင်ကလို မရှည်တော့တဲ့ ဆံနွယ်နက်နက်တွေနဲ့ လေအလာမှာ လွင့်လူးနေတဲ့ ကောင်မလေးက
ပင်လယ်ပြာပြာကိုမျက်နှာမူရင်း မျက်လုံးလေးတွေကို မှိတ်ထားတယ်
လက်ထဲမှာတော့ စာရင်းစစ်ရမယ့်ဖိုင်လေးပိုက်ထားလေရဲ့
"ကေ"
ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ အချစ်ဆုံးသူငယ်ချင်းထက်လေး
"အင်း ပြော"
"လက်ထဲက ဖိုင်ကြီးချထားလိုက်ပါလား ကေရယ်
ထက်တို့ အပန်းဖြေဖို့ ချောင်းသာကိုရောက်နေတာလေနော်"
ကေ ပြုံးတယ်
အရင်ကလောက် အပြုံးတွေက အသက်မပါတော့ပေမယ့်
လှနေတုန်းပဲ
"ထက်ရယ် အပန်းဖြေဖို့ဆိုပေမယ့် အလုပ်တွေက ပါလာသေးတယ်လေ
ပြီးတော့ ကေ မပင်ပန်းပါဘူး
မနက်စာ စားတော့မလို့လား အဲ့တာဆိုရင်တော့ ရေချိုးပြီးရင် Dining Room ကိုထွက်လာခဲ့မယ်နော်"
ပြောပြီးထွက်သွားတဲ့ ကေကို ထက် ကြည့်နေမိတယ်
ကေ ဆိုတာ ထက်တို့ရဲ့သူငယ်ချင်းမလေး
ငယ်ငယ်ကတည်းက တတွဲတွဲနေလာကြပြီး စိတ်ထားနူးညံ့တယ်
ကူညီတတ်တယ် ကြင်နာတယ် အရမ်းမလှပေမယ့် ချစ်စရာကောင်းတယ်
ဖော်ရွေတယ်
အခုရော အခုကတော့ ပြောင်းလဲသွာပြီ
အပြုံးအရယ်သိပ်မရှိတော့သလို အေးစက်သွားခဲ့ပြီ
ခံစားချက်မရှိပဲ နေလာတာ လေးနှစ်ရှိခဲ့ပြီလေ
ထက် သက်ပြင်းချရင်း အခန်းကိုပဲပြန်လာလိုက်တယ်
............................................................................................................................................................
ကေ အခန်းထဲပြန်ရောက်တော့ သမီးလေးက အိပ်ပျော်နေတုန်းပဲ
မောင့်ဆီကနေ ကေရရှိခဲ့တဲ့ တစ်ခုတည်းသော လက်ဆောင်ပါပဲ
ဆောင်းလရောင်တဲ့
ဆောင်းရာသီရဲ့အစမှာမွေးပြီး လရောင်လို အေးချမ်းစေချင်တဲ့စိတ်နဲ့
သမီးလေးကို ဆောင်းလရောင်လို့နာမည်ပေးခဲ့တယ်
ကေ မပြုံးတတ်တော့ဘူး
လောကရဲ့ ရိုက်ခတ်မှုတွေကြားမှာ ကေရဲ့တစ်ခုတည်းသော ဆန္ဒကတော့
သမီးလေးကို စိတ်ဒါဏ်ရာ ကင်းကင်းနဲ့ ကြီးပြင်းစေချင်တာပါပဲ
"မေမေက ဆိုးတယ်မဟုတ်လား"
ကေရဲ့ ပါးပြင်ကိုဖြတ်စီးသွားတဲ့ မျက်ရည်စက်တွေက
သမီးလေးရဲ့ ညာဘက်လက်ဖမိုးပေါ် သွားရောက်ခိုနားတယ်
မျက်ရည်တွေကို သုတ်လိုက်ရင်း ရေချိုး ပြင်ဆင်လိုက်တယ်
သူငယ်ချင်းတွေက လာရမယ်ဆိုလို့ သမီးကိုခေါ်ပြီး ကေရောက်လာခဲ့တာ
တကယ်ကတော့ မြန်မာဆိုတာ ကေလုံးဝ ခြေမချချင်တော့တဲ့ နိုင်ငံပဲ
"မေမေ"
"အိုး မေမေ့အသဲလေးနိုးပြီလား"
"မီးမီး ဗိုက်ဆာနေပြီ မေမေရဲ့"
"ဟုတ်ကဲ့ပါရှင့် အန်တီထက်တို့ကလဲ မီးမီးကိုစောင့်နေပါပြီတဲ့ရှင်"
သမီးလေးကိုပါ ရေချိုး အ၀တ်အစားလဲပေးပြီး မနက်စာစားဖို့ ထွက်ခဲ့လိုက်တယ်
သမီးကတော့ မြန်မာနိုင်ငံရဲ့ ရေမြေအလှအပတွေကို သဘောတကျနဲ့ ငေးကြည့်နေလေရဲ့
ကေတို့တည်းတဲ့ ဟိုတယ်က ချောင်းသာရဲ့ နာမည်ကြီးဟိုတယ်မို့ အပြင်အဆင်လေးတွေကလဲ
အတော့်ကို လှတယ်
Dining Room မှာတော့ လူစုံနေကြပြီ
ထက်ထက်ရယ် သွယ်လေးရယ် ယုရယ် သုံးယောက်လုံးက လက်လှမ်းပြတယ်
"မီးမီး အန်တီတွေကို နှုတ်ဆက်လိုက်ပါဦး"
"မင်္ဂလာပါ ဆောင်းလရောင်လို့ခေါ်ပါတယ်"
"တီလေးထက်ဆီလာပါဦး သမီးလေးရဲ့"
ထက်ကခေါ်လဲခေါ်ရင်း သမီးကိုပွေ့လိုက်တယ်
ထက်ရဲ့ လက်ထဲမှာ ခိုးခိုးခစ်ခစ်ရယ်နေတဲ့ သမီးလေးက အရမ်းဖြူစင်တာပဲ
သမီးက တကယ်ချစ်စရာကောင်းတယ် မွေးပြီးကတည်းက
ထိုင်းမှာသာနေခဲ့တာဖြစ်လို့ ထက်တို့နဲ့က အခုမှတွေ့ရခြင်းလေ
အရင်ကတော့ Video Call နဲ့ပဲ ပြောဖြစ်ကြတာမျိုး
အခုတောင် သွယ်လေးရဲ့ Wedding ရှိနေလို့ လေးယောက်လုံးဆုံဖြစ်ကြတာ
မနက်စာစားပြီးတော့ ထက်ထက်က သမီးနဲ့အတူလမ်းလျှောက်မယ်ဆိုပြီးခေါ်သွားတယ်
သွယ်လေးကတော့ Pre Wedding ရိုက်ဖို့အတွက် အလုပ်ပြန်ရှုပ်နေတာကြောင့်
ကေလဲ ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်ခဲ့တယ်
တစ်ယောက်တည်း ပင်လယ်ကြီးကို ကြည့်ရင် ကေပြုံးမိတယ်
တစ်ချိန်တုန်းက ကေနဲ့ မောင်အတူတူလာချင်ခဲ့တဲ့ နေရာပဲ
အခုကတော့ ကေတစ်ယောက်တည်းရောက်နေတယ်လေ
ချစ်တယ် မောင့်ကို ကေချစ်နေတုန်းပဲ
မောင်သိရဲ့လား မောင်က ကေရဲ့ဘ၀တစ်ခုလုံးစာ မြှုပ်နှံထားရတဲ့သူ
မောင်နဲ့ ကေက မဝေးခဲ့ပါဘူးမောင်ရယ်
တစ်မိုးအောက်ထဲမှာ အတူတူရှိနေခဲ့တာပါပဲ
ကျလာတဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး
အလုပ်က စာရင်းတွေပဲ ပြန်စစ်ဖို့ဆုံးဖြတ်လိုက်တယ်
ပြန်လှည်လိုက်တဲ့ ကေရဲ့ခြေလှမ်းတွေရပ်တန့်ကုန်တယ်
မောင့်ကိုမြင်လိုက်ရချိန် ကေရဲ့ရင်ခုန်သံတွေက အရင်အတိုင်းပဲ
နှလုံးသားက မောင့်ကိုမှတ်မိနေတုန်းပဲ
ဘာလို့ ဒီလောက်တိုက်ဆိုင်ရသလဲ
လောကကြီးက ဒီလောက်ကျယ်တာကို
မျက်နှာချင်းဆိုင်မှာ လျှောက်လာနေတာက မောင်နဲ့ မောင်ချစ်ရတဲ့ကောင်မလေး
မောင်က ပြုံးရင်းနှုတ်ဆက်တယ်
"မတွေ့တာကြာပြီနော်"
မကြာသေးပါဘူးမောင်ရယ် လေးနှစ်က ဘယ်လောက်ကြာလို့လဲ
ကေတို့ အတူရှိခဲ့ကြတာက ရှစ်နှစ်လေမောင်ရယ်
"အော်... အင်း"
ကေပြုံးရင်းပဲ ပြန်ဖြေခဲ့သလား အဲ့ဒီစာလုံးနှစ်လုံးကိုလေ
မောင့်လက်ကို ချိတ်ထားတဲ့ ကောင်မလေးက ကေ့ကိုကြည့်နေတယ်
သူ့အကြည့်တွေကို ကေသိတာပေါ့မောင်ရယ်
ဒါ ငါ့အပိုင်ဆိုတဲ့ အကြည့်တွေလေ
တစ်ချိန်ကတော့ ကေလဲ မောင့်လက်ကိုတွဲရင်း အဲ့ဒီလိုကြည့်တတ်ခဲ့ပါတယ်
"ကိုကို သွားရအောင် ဖြိုးနေလို့သိပ်မကောင်းဘူး"
"အင်းပါ ကလေးရဲ့ သွားမယ်နော်"
ချစ်တဲ့မျက်ဝန်းတွေနဲ့ မောင်ကအဲ့ကောင်မလေးကို ကြည့်နေလိုက်တာ
ကေ တစ်ခါမှ မပိုင်ဆိုင်ဖူးတဲ့ မောင့်ဆီက ချစ်ခြင်းအပြည့်နဲ့မျက်ဝန်းတွေ
ထွက်သွားတဲ့ မောင့်ကျောပြင်ကို ကြည်ရင်း ကျလာတဲ့မျက်ရည်တွေကို သုတ်လိုက်တယ်
ကေရဲ့ စိတ်တွေကတော့ ဟိုးအတိတ်တွေဆီကို အလည်ထွက်သွားလေရဲ့
One shot challenge Where stories live. Discover now