Zawgyi 🏆
"အေ့..ဦးလရောင်မှူး အေ့.. ခင်ဗျားဘယ်မှာလဲ အေ့.. လာခေါ်လေ ခင်ဗျား ယောက်ျားကို အေ့... ဦးလရောင်မှူး"
"လာပြီ လာပြီ မောင် ဖြည်းဖြည်းတက်"
"ဒုန်း"
"အ ဒီတံခါးကလည်း ငါ့ကိုမမြင်ဘူးလား"
"အာ ဒီဘက်ကတက်လေ မောင်ရယ်"
"ခင်ဗျားက ဘာလို့ ခေါ်နေတာ မလာတာလဲ"
"မောင့်အတွက် ဟင်းချက်နေလို့ပါကွာ"
"ဘာဟင်းလဲ ဘဲဥမလား တစ်ခါလာလည်း ဘဲဥ တစ်ခါလာလည်း ဘဲဥ တစ်ခြားဟင်းကို ပြောင်းမချက်ဘူး စိတ်ပျက်ဖို့ကောင်းတယ်"
"မောင်ရယ် ငါလည်းရှိတာလေးနဲ့ချက်"
"တော်ဗျာ မကြားချင်ဘူး ဖယ်တော့ သွား"
"အင်း သံပုရာရည်လေး သွားဖျော်လိုက်ဦးမယ်နော်"
"သွားဗျာ မမြင်ချင်တော့ဘူး"
ပြန်စကားမဆိုဘဲ လှည့်ထွက်လာမိသည်အထိ မောင့်စကားတွေက စူးရှလွန်းသည်။ရင်ဘတ်ထဲက တဆတ်ဆတ်နာသည်။မောင်မို့လို့ ပြောထွက်သည်။ အိမ်ထောင်တစ်ခုမှာ တစ်ယောက်ထဲရုန်းကန်ရင်း နှစ်ယောက်စာရှာနေရ မလွယ်ကူ။ ဒီကြားထဲ မောင့်အသုံးစရိတ်ကရှိသေးသည်။ ငြိုငြင်၍မဟုတ်ပါ။ နည်းနည်းလေးမှ မငြိုငြင်မိ။ မောင်ဆိုတာ ငါနဲ့ မတွေ့ခင်ကတည်းက တစ်အိမ်လုံးရဲ့ အချစ်ခံ သူဌေးသားလေးမဟုတ်လား။
လွန်ခဲ့တဲ့ ခြောက်နှစ်ခန့်က....
ကျွန်တော့်နာမည်က လရောင်မှူး။အလုပ်အကိုင်က အထက်တန်းပြ ကျောင်းဆရာ။ ဖေဖေနှင့်မေမေက လွန်ခဲ့သည့် နှစ်နှစ်ခန့်ကပင် ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြသည်။ ဒီတော့ တစ်ယောက်ထဲဖြစ်သည့် ကျွန်တော့်အတွက် ကျောင်းဆရာ အလုပ်က အဆင်ပြေသည်။စနေ၊တနင်္ဂနွေ ပိတ်ရက်များတွင်တော့ အချိန်ပိုင်း အင်္ဂလိပ်စာပြသည်။ အခုလည်း ဖေဖေ့မိတ်ဆွေ ဦးအောင်ခန့်၏ သားအား အင်္ဂလိပ်စာပြပေးရန် ရောက်နေခြင်းပင်။ ထိုကလေးကတော့ ခုချိန်ထိနိုးသေးပုံမပေါ်။