Zawgyi 🏆
အမေက ကျောင်းအုပ်၊ အဖေကလည်း ပညာရေးမှူး။ မျိုးရိုးအလိုက်ပဲ ဝေလျှံထွန်းလည်း ကျောင်းဆရာဖြစ်လာခဲ့သည်။
ပထမဆုံး တာဝန်ကျရာမြို့သည် မကွေးဘက်ကမြို့လေးတစ်မြို့ဖြစ်သည်။ လက်ရှိနေသည့် မုံရွာမြို့ကို မကျ။ မေမေဖြစ်သူက အဝေးမှာနေရမှာမို့ သိပ်သဘောမကျသော်လည်း ဖေဖေကတော့ မှီခိုကင်းစွာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေးအတွက် ကျေနပ်နေသည်။
တာဝန်ကျရာမြို့လေးသည် တစ်ခါက မေမေလည်း တာဝန်ကျဖူးသည်ဟု ဆိုသည်။ မေမေက သူ့အသိကိုပြောကာ သူငှားနေခဲ့ဖူးသည့်အိမ်ကိုပဲ ဝေလျှံ နေဖို့ ထပ်ငှားပေးခဲ့သည်။ သူ့အသိတွေက နယ်တကာလှည့်ခရီသွားနေ၍ အိမ်က အဆင်ပြေလောက်မည်လို့လည်းပြောသည်။
အိမ်ကလေးသည် ရပ်ကွက်၏ချောင်အကျဆုံးနေရာမှာရှိသည်။ ရပ်ကွက်ကလည်း မိုးရာသီဆို ရေနစ်တက်၍ လူနေကျဲသည်။ ပတ်ဝန်းကျင်က အရမ်းဆိတ်ငြိမ်သည်။
ရပ်ကွက်လမ်းအချိုးမှ တဆင့် လမ်းကြားသေးသေးရှည်ရှည်အတိုင်းဝင်သွားပြီးမှ နွယ်တက်နေသည့်ခြံစည်းရိုးနှင့် ပျဉ်တံခါးသေးသေးတစ်ချပ်ကို တွေ့ရသည်။ တံခါးမှတဆင့်ဝင်လိုက်လျှင် မြက်ပေါင်းများ သေချာရှင်းထားသည့် ဟာလာဟင်းလင်း ခြံဝင်းအလယ်မှာ ခြေတံတိုတိုပျဉ်ထောင်အိမ်အငယ်လေးက အထီးကျန်လှစွာ တစ်ကိုယ်တည်းရှိနေသည်။
တိတ်ဆိတ်ခြောက်ကပ်လွန်းလှ၍ လေတိုးသံကပင် ကြက်သီးထစရာကောင်း၏။
အထုတ်တွေ မနိုင်မနင်းသယ်ရင်း ဟိုလူမေး ဒီလူမေးနဲ့ နောက်ဆုံး ထိုအိမ်လေးသို့ ဆိုက်ရောက်ခဲ့ပြီ။
လက်နာသဖြင့် ပျဉ်ထောင်အိမ်လေးရှေ့မှာ အထုတ်တွေချလိုက်ရင်း ဝေလျှံ ခဏအနားယူလိုက်သည်။