Zawgyi 🏆
"တံခါး"
၂၀၁၈ခုနှစ်...
ကြိတ်ကြိတ်တိုးနေသော YBS 21 ပေါ်တွင် မျက်နှာတစ်ခုလုံး ချွေးတွေဖြင့် ရွှဲရွှဲစိုနေသည့် မောင်။
နာရီကို ကြည့်မိတော့ ၈နာရီခွဲ။ ၉နာရီတွင် အတန်းစမည်။ သို့သော် ယခုထိ ဟံသာဝတီအဝိုင်းက မပတ်ရသေး။ အဝိုင်းပတ်ပြီးလျှင်လည်း မှတ်တိုင်ရောက်ဖို့ ငါးမိနစ်လောက် ကြာဦးမည်။ မှတ်တိုင်ရောက်ရုံနှင့်လည်း မပြီးသေး။ ကျောင်းဝန်းထဲသို့ လမ်းလျှောက်ယူရဦးမည်။ ဤပုံဆို မောင် အတန်းနောက်ကျမည်မှာ ၉၀ရာခိုင်နှုန်း သေချာနေပြီ ဖြစ်၏။
"ဟေး...ဆရာကြီး...နေပါဦး"
ဘယ်ချောင်ကမှန်းမသိ ကျယ်လောင်စွာ ထွက်ပေါ်လာသော အော်ဟစ်သံကြောင့် မြေနီကုန်းမှတ်တိုင်ရှိ ထွက်လုဆဲဆဲ ကားသည် မထွက်တော့ဘဲ ပြန်ရပ်သွားခဲ့သည်။
"ကျစ်... အကျိုးနည်း... နောက်တစ်စီး စောင့်စီးပါလားဟ"
မောင် မကျေနပ်စွာပင် ဂြိုဟ်ကြည့်ကြည့်မိတော့ အပြေးသန်ပုံရသော ထိုလူသားသည် ဟောဟဲဟောဟဲဖြင့် သပ်သပ်ရပ်ရပ်မရှိ။ အင်္ကျီမှာလည်း ကြေမွပြီး တစ်ကိုယ်လုံး ရှုပ်ထွေးနေတော့သည်။
ရုတ်ချည်းဆိုသလို မောင့်မျက်လုံးထဲ ဖြတ်ပြေးသွားသည်က ကျောင်းဝတ်စုံ အဖြူနှင့်အစိမ်း။ မောင်သည်လည်း သူ့လို အဖြူနှင့်အစိမ်းကို ဝတ်ဆင်ထားသည်။ ကြည့်ရတာ သူသည် မောင့်လို ပညာရေးတက္ကသိုလ်မှ ကျောင်းသားတစ်ဦးပင် ဖြစ်ရမည်။
"သူ့လို ခပ်ပေါ့ပေါ့နေကြတဲ့ လူတွေကြောင့် ငါတို့ ကျောင်းဆရာတွေ သိက္ခာကျတာ"