မင်္ဂလာဆောင်ပြီးတာနဲ့ ဟန်းနီးမွန်းတန်းထွက်မယ်ဆိုတဲ့ရှောင်းကျန့်ရဲ့တစ်ချက်လွှတ်အမိန့်အရ ကျွန်းမြို့လေးတစ်ခုကိုအထုပ်ကိုယ်စီဆွဲပြီး သူတို့နှစ်ယေက်ထွက်လာခဲ့ကြသည်။
ရထားတစ်တန်၊လှေတစ်တန်ဖြင့်သွားရသောခရီးဖြစ်သည့်အပြင် ရှန်ဟိုင်းကနေလည်းမြို့ထွက်ရထားစီးရသေးတာမို့ ခရီးတစ်ဝက်မကျိုးသေးပေမယ့် ရှောင်းကျန့်ကတော့ရိပေါ်ရဲ့ပုခုံးပေါ်မှာဇက်ကျိုးလို့နေလေပြီ။
ဒါတောင်မှ ရှန်ဟိုင်းမြို့ကအထွက်ပင်ရှိသေးသည်။
ပုခုံးနာတာထက်ရိပေါ်ရေဆာနေတဲ့အဖြစ်ကပိုဆိုးသည်။ ရေဗူးက ရထားရှေ့ခုံရဲ့နောက်ကျောဘက်အိတ်ထဲမှာထည့်ထားတာကြောင့် အသာလေးလှမ်းယူလိုက်လို့ရသော်ငြား ရှောင်းကျန့်ကမိမိပုခုံးပေါ်မှာအိပ်မောကျနေသည့်အတွက် ရိပေါ်ကတုပ်တုပ်မျှပင်မလှုပ်ရဲ။
အဲ့ဒီတော့ ရိပေါ်က ရေအစားတံတွေးကိုသာခဏခဏမျိုချနေရတော့သည်။
သူ့မင်းသားလေးနိုးသွားအောင်သူမလုပ်ရက်ပါ။ထို့နောက် ငါးမိနစ်ပင်မကြာလိုက်။
ရထားစပီကာကနေထွက်လာတဲ့အသံအရ ရှေ့ဘူတာဆိုသူတို့ရည်ရွယ်ပြီးလိုက်လာတဲ့ဆိပ်ကမ်းမြို့ကိုရောက်ပြီဟူ၍ပင်။ သူတို့သွားမယ့်ကျွန်းက အဲ့ဒီဆိပ်ကမ်းမြို့ကတစ်ဆင့် သင်္ဘောတစ်ခါထပ်စီးသွားရဦးမည်ဖြစ်တာကြောင့် ရိပေါ်တို့ဘေးကြပ်နံကြပ်အခြေအနေကိုရောက်လေပြီ။အားရပါးရအိပ်မောကျနေတဲ့အမျိုးသားဖြစ်သူကိုလည်းမနှိုးရက်၊ ဒါပေမယ့်ဆင်းရတော့မယ့်ဘူတာရုံကလည်းရှေ့ဆိုရောက်ပြီ။
ခေါင်းကိုတဗြင်းဗြင်းကုပ်ရင်း ရိပေါ်က သူ့ရဲ့မင်းသားလေးကိုပဲဦးစားပေးဖို့ဆုံးဖြတ်လိုက်တော့သည်။
ဒီရထားက စထွက်တဲ့မြို့ရဲ့ဘူတာမှာလည်းဆယ့်ငါးမိနစ်လောက်သာနားတာကြောင့် ခရီးစဉ်ကိုအဆုံးထိလိုက်ပါပြီး ဒီဘူတာကိုနောက်တစ်ဖန်ပြန်ဆိုက်မှသာဆင်းတော့မည်ဟူ၍။အချိန်တွေကြန့်ကြာပြီးပိုက်ဆံပိုကုန်တယ်ဆိုပေမယ့် ကျန့်ကောကိုမနိုးစေချင်တဲ့ချစ်လင်ကြီးရိပေါ်ရဲ့စေတနာပါ။