ပြဇာတ်ရုံတွေရှိတဲ့ အဆောက်အအုံထဲကနေ မိန်းကလေး
တစ်ယောက် ထွက်လာတယ်။သူမက သူမရဲ့ကျောနောက်မှာ Cello Case တစ်ခုကို ပိုးထားတယ်။ အဆောက်အဦးထဲကထွက်လာတဲ့ သူမရဲ့ ခြေလှမ်းတွေက အနည်းငယ်တော့ လေးပင်ကြတယ်။( Cello - a bass instrument of the violin family, held upright on the floor between the legs of the seated player )
( Cello Case - The bag that Cello Carry In )
အဲ့ဒီအဆောက်အဦးရှေ့မှာ သူမ မတ်တပ်ရပ်နေတယ်။ အနာကပ်ပလာစတာတွေကပ်ထားရတဲ့ သူမရဲ့ လက်ချောင်းတွေကို ကြည့်ရင်း သက်ပြင်းချတယ်။
ကြိုးစားခဲ့သမျှက သူမအတွက် အရာမထင်သေးဘူး။
သူမရဲ့ တေးသွားအတက်အကျတွေက ကီးမမှန်သေးဘူးလို့ နည်းပြဆရာက မှတ်ချက်ပေးနေဆဲပဲ။နောက်လရဲ့ တေးဂီတပွဲမှာ သူမ ပါနိုင်ပါ့မလားတွေးတောရင်း လေးပင်နေတဲ့ ခြေလှမ်းတွေနဲ့ပဲ သူမ ခရီးဆက်တယ်။ နားကြပ်ထံက တစ်ဆင့်ကြားနေရတဲ့ ခပ်ငြိမ့်ငြိမ့် တယောသံလေးက အနည်းငယ်တော့ စိတ်ကို အေးချမ်းစေတယ်။
ည၈နာရီအချိန်ကျော်လွန်နေပေမယ့် အမှောင်ထုက အတော်လေးကြီးစိုးတယ်။ လမ်းမီးတိုင်တွေဆီက မီးရောင်အောက်မှာ အရိပ်နှစ်ခုဟာ တရွေ့ရွေ့။
သူမက နားဆင်နေတဲ့ တယောသံကြားစီးမြောရင်း အေးအေးလူလူ လျှောက်နေတယ်။သေချာပေါက် အနောက်ဘက်ဆီက အရိပ်တစ်ခုကို သူမ မမြင်ဘူး။
လမ်းမီးရောင်တွေနဲ့ဝေးတဲ့ မှောင်ရိပ်ကျနေတဲ့ နေရာမှာ အရိပ်တစ်ခုဟာ ရပ်တန့်သွားတယ်။အရိပ်ပိုင်ရှင်ဟာ ဟူဒီခေါင်းစောင်းကို အုပ်ထားတယ်။ ဝင်သက်ထွက်သက်ပုံမှန်နဲ့ မျက်စိရှေ့က မိန်းကလေးကို သူ စိုက်ကြည့်နေတယ်။
သူ့မျက်နှာအနေအထားဟာ ခံစားချက်မဲ့နေသယောင်ယောင်။ဖုန်းထဲက " 9 " လို့မှတ်ထားတဲ့ Content ကို ဖိနှိပ်လိုက်တယ်။ သေချာပေါက် အဲ့ဒီ ဖုန်းနံပါတ်က ရှင်းရဲ့ ဖုန်းထဲက သူရခဲ့ခြင်းဖြစ်တယ်။
ဝင်သွားတဲ့ ဖုန်းသံနဲ့အတူ သူ့ရဲ့ နှုတ်ခမ်းတွေက ပြုံးနေတယ်။ တစ်ဖက်ဆီက ဖုန်းလက်ခံဖြေလာတဲ့ မိန်းကလေးအသံကြောင့် ခေါင်းငုံ့ထားရာက မျက်စိရှေ့ကို ကြည့်မိတော့ Cello Case လွယ်ထားတဲ့ မိန်းကလေးက ခြေလှမ်းတွေ ရပ်ရင်း ဖုန်းဖြေနေတယ်။