Unicode
အချစ်ဆိုတာဘယ်လိုမျိုးလဲဆိုတာကျွန်တော်မသိဘူး။
ပြောပြမဲ့သူလည်းမရှိဘူး၊ ပြောပြရင်လည်း အားနာစွာနဲ့ပဲကျွန်တော်ပြောချင်တာက ကျွန်တော်မယုံဘူးဆိုတာပါပဲ။
မယုံတာထက် ချစ်တယ်ဆိုတဲ့အကြောင်းပြချက်ကြီးတွေနဲ့ တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာ ချည်နှောင်ကြတာမျိုးတွေ ကျွန်တော် တစ်ကယ်မကြိုက်ဘူး။
တစ်စုံတစ်ယောက်ရဲ့ဘ၀ကို ဝင်ရောက်စွက်ဖက်ဖို့ အတွက်နဲ့ ချစ်လို့ပါဆိုတဲ့ စကားတွေကို အကြောင်းပြချက်တစ်ခုအနေနဲ့ ဖောဖောသီသီသုံးတာမျိုးကို ကျွန်တော်တစ်ကယ်မလိုလားဘူး။
ဒါကြောင့်ပဲ ကျွန်တော် ရိပေါ်ဆီက ချစ်တယ်ဆိုတဲ့စကား ထွက်လာမှာကိုတောင် ကြောက်ရွံ့နေခဲ့ရတာပါ။
ဒါပေမဲ့ အနည်းငယ်တော့ မျှော်လင့်မိတာကိုတော့ ဝန်ခံပါတယ်။
တိုက်အမြင့်ကြီးတွေပေါ် သို့မဟုတ် အမြင့်တစ်နေရာကို ရောက်နေတဲ့အချိန် အောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ ပြုတ်ကျမှာကြောက်တဲ့စိတ်နဲ့ တစ်ပြိုင်နက်ထဲမှာပဲ ခုန်ချလိုက်ချင်စိတ် ဖြစ်ပေါ်လာသလိုမျိုးပေါ့။
ဒါကြောင့်မလို့ပဲ သိပ်ပြီးလဲဇယားမရှုပ်မယ်လို့ထင်ရတဲ့ ယောင်္ကျားလေးတစ်ယောက် (ရိပေါ်) နဲ့တွဲကြည့်ဖို့ ရွေးချယ်မိခဲ့တယ်ထင်ပါတယ်။ (ရင်ခုန်သွားတာကြောင့်လဲပါတယ်)။
တစ်ခါတစ်လေ ဘော်ဒါတွေလိုလဲ ပေါင်းလို့ရနိုင်တယ်မလား။ Friend with benefit လိုမျိုးပေါ့။
ကံကောင်းစွာနဲ့ပဲ ခန့်မှန်းရသလောက် ရိပေါ်ဘက်ကလဲ ကျွန်တော့ဘက်ကနေ ဒီစကားကိုစပြောဖို့ကို စောင့်မျှော်နေဟန်ရှိတယ်။ အဲ့တော့ ကျွန်တော်ကြားချင်ပေမဲ့ မလိုချင်တဲ့ ဒီစကားမျိုးကို အချိန်ကာလတစ်ခုအထိ ရိပေါ်မပြောခဲ့ပါဘူး။
ရိပေါ်နဲ့နေ့တိုင်းမတွေ့ဖြစ်တဲ့ ရက်ဆိုတာမရှိသလောက်ပဲ။ အမြဲတမ်း အသွားအတူတူ အပြန်ကျရင် ကျွန်တော့ စတူဒီယိုအောက်မှာ လာစောင့်နေတာမျိုးတွေ ၊ အပြန်အတူတူပြန်ကြတာမျိုးတွေပေ့ါ။