Unicode
တစ်လလောက်ရှိပြီဆိုပေမယ့် ပြန်ခြေချမိတဲ့ ရိပေါ်ရှိတဲ့မြေဟာ ဘယ်လိုမှကို စိမ်းသက်မနေခဲ့ဘူး။ မိုးရွာတိုင်း နှစ်ယောက်သား တစ်ကူးတက သွားသွားပြီး ခိုးခိုးနမ်းနေကြ ပန်းခြံထဲက ဖုန်းရုံအိုနီနီရဲရဲဟာလဲ ထူးခြားပြီးတော့ ပိုပြီးသစ်လွင်မနေခဲ့ဘူး။ ယုတ်စွအဆုံး သွားပြီးခိုးကြည့်ခဲ့တဲ့ ဝရံတာ ပြတင်းပေါက်ငယ်ကနေတစ်ဆင့် မြင်ရတဲ့ ရိပေါ်ရဲ့ (ကျွန်တော်တို့ရဲ့) အခန်းနံရံဟာလဲ ဟိုတစ်ပေါက်ဒီတစ်ပေါက်နဲ့ ဆေးရောင်စုံတွေ စွန်းထင်နေဆဲပဲ။ အချိန်မရွေးဖွင့်ဝင်ဖို့ ထားတတ်တဲ့ နှစ်ယောက်သားပဲ သိနိုင်မယ့်နေရာ တစ်ဖြစ်လဲ ဖိနပ်စင်က ဖိနပ်ထဲမှာ ခပ်ဟောင်းဟောင်း သော့တံက ရှိနေဆဲပဲ။
နေ့ရက်တွေတိုင်းဟာ အဲ့ဒီတုန်းကဖြစ်ခဲ့တဲ့ တနင်္ဂနွေနေ့လိုပဲ ကြည်သာနေခဲ့တယ်။ ဘာဆိုဘာမှမဖြစ်ခဲ့သလို ပုံစံမျိုးနဲ့ပေါ့။
အချစ်ရှိတဲ့နေရာတိုင်းဟာ နေသာတယ်ဆိုတဲ့ ဆုတောင်းပြည့်နေခဲ့သလိုပါပဲ။
အင်း ဟုတ်တယ် ကျွန်တော်သွားပြီးခိုးကြည့်ခဲ့တယ်။ သတိမရပါဘူးလို့ ကျွန်တော် ပိပိရိရီ လိမ်ညာရင်တောင် ဘယ်သူမှမယုံကြည်အောင် ခြေထောက်တွေက ကိုယ်တိုင် သစ္စာဖောက်တယ်။ အစောင့်ဦးလေးကြီးရဲ့ ပြောစကားကို ကြားကြားချင်း ထိုသစ္စာဖောက်တဲ့ ခြေထောက်တွေဟာ မနေနိုင်စွာနဲ့ ရိပေါ်ရှိရာကို ပို့ဆောင်ပေးတယ်။ ပြန်တွေ့ချင်သလို ပြန်တွေ့ရမှာလဲ စိုးထိတ်တဲ့ စိုးရိမ်စိတ်တစ်ဝက်နဲ့ပေါ့။ ကံကောင်းစွာနဲ့ပဲ ကျွန်တော် ရိပေါ်နဲ့မတွေ့ခဲ့ဘူး။ ရိပေါ်က အခန်းထဲမှာ ရှိပုံမရဘူး။
အင်းလေ...။
ခပ်ဖွဖွပြုံးလို့ စိတ်လွတ်သွားတဲ့ တစ်ခဏကို မချင့်မရဲ လှောင်ရယ်လိုက်မိပြီးနောက် ကျွန်တော်ဒီညကို ဘယ်မှာများ တည်းခိုရမလဲဆိုတာပဲ ကျွန်တော်တွေးတောနေလိုက်တော့တယ်။ စိတ်ညစ်ရတာခြင်းတူတူ အနည်းဆုံးတော့ ရိပေါ်နဲ့များ ပြန်တွေ့ရင်ဆိုတဲ့ ခြောက်အိမ်မက်လို ထိတ်လှန့်စရာကောင်းတဲ့ အတွေးတွေထက်တော့ သာသေးတယ်မလား။နေခဲ့တဲ့အဆောင်ခန်းကလဲ ရိပေါ်နဲ့တူတူနေမယ်ဆုံးဖြတ်ပြီးကတည်းက ပြန်အပ်ပြီးသွားပြီးတဲ့အပြင် ရိပေါ်ဆီကထွက်လာကတည်းက ခြေဦးတည့်ရာမွေးရပ်မြေက တောင်ပြာတန်းတွေဆီ ပြန်သွားခဲ့တာဆိုတော့ လောလောဆယ် ဒီမှာနေစရာက မရှိ။
အပိုဖြုန်းတီးစရာ ငွေကြေးမရှိတဲ့အပြင် အခန်းမရခင်ထိ တည်းခိုခန်းမှာနေရမှာလဲ မကြိုက်တာကြောင့်ရော စတူဒီယိုက နားနေခန်းမှာပဲ ခဏတာအသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ်။
![](https://img.wattpad.com/cover/234937176-288-k14732.jpg)