Chapter-15

517 56 10
                                        

Unicode

နှင်းကျတာကိုသိပ်ပျော်တဲ့ကျွန်တော်က နှင်းတွေကြားထဲလမ်းလျှောက်ထွက်ရတာကို သဘောကျတယ်။ လမ်းအတူလျှောက်ကျတဲ့ ညနေခင်းတွေတိုင်း အနွေးထည်သားမွေးကုတ်ထူထူကို ရိပေါ်စိတ်တိုင်းကျ လုံထုပ်နေအောင်ဝတ်ထားရတဲ့ကျွန်တော့်က ဒီဇင်ဘာလရဲ့ အအေးဒဏ်ကို တကယ်မခံနိုင်ခဲ့ပါဘူး။

လမ်းမကြီးတွေမှာ ခရစ်စမတ် ရောက်ပြီမလို့ မီးလုံးတွေ နှင်းလူရုပ်တွေ စန်တာကလော့ခ် ရုပ်တွေနဲ့ အလှဆင်ထားကြတယ်။ အနီရောင် နဲ့ အစိမ်းရောင် Christmas Theme လေးတွေဟာ ကျွန်တော်တို့ ချစ်သူနှစ်ယောက်ကို ကိုယ်စားပြုနေသလိုပဲလို့တွေးမိတော့ ရိပေါ်ကရယ်တယ်။ ကောလဲကလေးဆန်တဲ့ အချိန်ရှိသေးတာပဲတဲ့။

တူတူပြန်နေတော့မှ ခွဲခွာရတဲ့အတောအတွင်းကထက် နွေးထွေးခြင်းအနှစ်သာရကို ပိုသိလာရတာကြောင့် တစ်ယောက်နဲ့တစ်ယောက်ဟာ မရှိလို့မဖြစ်ဆိုတာမျိုးကို ပိုမိုနားလည်ခဲ့ကြတယ်။ မေတ္တာဆိုတာအေးမြမှုဆိုရင် အချစ်ဆိုတာနွေးထွေးမှု လို့ကျွန်တော် ဆိုချင်ပါရဲ့။ ပူလောင်ရသလောက် နွေးထွေးမှုကိုလဲပေးတယ်လေ။

မနက်ခင်းတိုင်း ချစ်သူအပြုံးတစ်ပွင့်နဲ့ နိုးလာရပြီး ညအိပ်ချိန်တိုင်း အနမ်းတစ်ပွင့်နဲ့ အတူအိပ်စက်ရကာ ကမ္ဘာပေါ်မှာကံအကောင်းဆုံးသောသူတွေမှပဲ ရနိုင်တယ်မလား။ အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာ မသိပေမယ့် လက်ရှိအချိန်လေးကိုပဲ အကောင်းဆုံးတန်ဖိုးထား နေတတ်ခဲ့တဲ့အကျင့်ကြောင့် ကျွန်တော်နောင်တဆိုတာမရှိခဲ့ပါဘူး။ လုံလောက်ခဲ့ပါတယ်...။

ဘာသာမဲ့တစ်ယောက်ဖြစ်ရခြင်းကောင်းကျိုးတစ်ခုကို ညွှန်းပါဆိုရင် ဘာသာတိုင်းရဲ့ လုပ်ချင်တဲ့ ယဉ်ကျေးမှုအယူအဆတွေကို စိတ်ကြိုက်လုပ်လို့ရခြင်းလို့ ကျွန်တော်ထင်တယ်။ ဒါဟာ ခရစ်စမတ်ကာလမို့ ခရစ်စမတ်ကိုနှစ်သက်တဲ့ကျွန်တော့်က ဘက်လိုက်တွေးတာလို့ စွပ်စွဲစရာတော့ ဖြစ်နေပေမယ့်ပေါ့။

ပထမဆုံးအကြိမ်နှစ်ယောက်အတူဖြတ်သန်းဖူးတဲ့ ခရစ်စမတ်မို့ ကျွန်တော် အနည်းငယ်စိတ်လှုပ်ရှားနေခဲ့တယ်။ ပွဲတော်တွေသိပ်စိတ်မဝင်စားတတ်တဲ့သူပေမယ့် မှတ်မှတ်ရရ ရိပေါ်လဲပျော်နေခဲ့တာပါပဲ ။ခရစ်စမတ်သစ်ပင်လုပ်ဖို့ ကျွန်တော်တိုက်တွန်းတာကိုလဲ လက်ခံပေးတယ်။

Beyond My SonataWhere stories live. Discover now