Unicode
အရောင်တွေရဲ့ အဓိပ္ပာယ်ကို လူတော်တော်များများကသိကြပါလိမ့်မယ်။ အတိအကျကြီးမဟုတ်ရင်တောင် အကြမ်းဖျင်းလောက်ပေါ့။ ကျွန်တော်ကိုယ်တိုင်ကလည်း တကူးတကနဲ့ သိချင်လို့အဓိပ္ပာယ်ရှာဖတ်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီနေ့က ကျွန်တော်နဲ့ရိပေါ်ရဲ့ ကိုယ်ပေါ်မှာ ပေကျံခဲ့တဲ့ ဆေးရောင်စုံ တွေဟာ ကျွန်တော်တို့နဲ့သာ သက်ဆိုင်တဲ့ သီးသန့်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေရှိတယ်ဆိုရင် အနည်းငယ်များချဲ့ကားရာ ရောက်သွားလိမ့်မလား။
အဝါ၊ အစိမ်း၊ အနီ၊ အပြာ အစရှိတဲ့ အရောင်စုံတွေဟာ ကျွန်တော်တို့နှစ်ယောက်ရဲ့ အမျိုးမျိုးသော စိတ်ဆန္ဒတွေကို ဖော်ပြနေကြတယ်။
ငါဟာမင်းကို ချစ်သူတစ်ယောက်လို စိတ်ဆန္ဒရှိတယ်...။
သူငယ်ချင်းတစ်ယောက်လို စိတ်ဆန္ဒရှိတယ်။
ညီအစ်ကိုတစ်ယောက်လို စိတ်ဆန္ဒရှိတယ်။
ငါဟာမင်းကို ပျော်ရွှင်ဖို့ ဆန္ဒရှိတယ်...။
အတူနေကြတဲ့ စစချင်းနေ့ရက်တွေဟာ တစ်ကယ်ကိုသာယာကြည်နူးဖွယ်အချိန်တွေပါပဲ။ ဒါပေမယ့် ဘဝဆိုတာ ရုပ်ရှင်ကားတစ်ကားမှ မဟုတ်တာတဲ့လေ။ ဆိုးတစ်ခါ ကောင်းတစ်လှည့်ကြုံရမှာက ထုံးစံပါပဲ။ ကလေးလေးတွေ ကောင်မလေးတွေ အကြိုက်များကြတဲ့ မင်းသားလေးနဲ့ မင်းသမီးလေးတို့ အဆုံးသတ်မှာ ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဆိုတဲ့ ဒစ်စနေ ပုံပြင်တွေထဲမှာတောင် ခက်ခဲကြမ်းတမ်းပါတယ်ဆိုတဲ့ အချိန်တောင်ရှိတတ်သေးတယ်မလား။ အတူတူရှိနေကြတဲ့ ပျော်ရွှင်ကြည်နူးဖွယ်အမှတ်တရတွေကြားထဲမှာ တိုက်ခတ်တဲ့ မုန်တိုင်းတွေက ပိုပြီး ကြမ်းတမ်းတတ်တယ် ထင်ပါတယ်။
ဒီအတောအတွင်း ရိပေါ်ဟာ ကျွန်တော့်ဘေးမှာ တောက်လျှောက်ကပ်နေတာ များခဲ့တယ်။ တောက်တဲ့တစ်ကောင်လို ခန္ဓာကိုယ်မှာကပ်မနေယုံတစ်မယ်။ ပါပီခွေးလေးတစ်ကောင်လို ရှေ့သွားရှေ့လိုက်၊ နောက်သွားနောက်လိုက်။
ဒါဟာ တစ်ရစ်ထပ်ပြီး ချည်နှောင်မိသွားတဲ့ ကြိုးတစ်စရဲ့ ရစ်နှောင်ခြင်း သက်ရောက်မှုတစ်ခုလို့ ကျွန်တော် တောက်လျှောက်တွေးမိနေတဲ့ အတွေးတွေကို မရပ်တန့်နိုင်ခဲ့ဘူး။ အသစ်အဆန်းဖြစ်တဲ့ စိတ်ခံစားချက်၊ သွေးသား နှီးနှောမှုကို ငယ်ရွယ်တဲ့ ရိပေါ်တစ်ယောက်ဟာ မတွန်းလှန်နိုင်ခဲ့ဘူး။ ပုထုဇဉ်လူသားပီပီ ဘယ်သူကများ တွန်းလှန်နိုင်မှာမို့လို့လဲ။ ကျွန်တော်ကလဲ လူသားထဲက လူသားတစ်ယောက်ပါပဲ။ ဘာသားနဲ့ ထုထားတာမို့လို့လဲလေ။