Chapter-11

247 65 3
                                        

Unicode

တစ်စုံတစ်ခု သို့ တစ်စုံတစ်ယောက်ကို ယှဉ်ရွေးချယ်ဖို့လိုလာတိုင်း ဒုတိယလမ်းကိုပဲ ကျွန်တော် ရွေးချယ်မိမယ်ဆိုတာ နောက်တစ်ခါထပ်မေးလဲ အဖြေကတော့အသေအချာပါပဲ၊။ နောက်ဆုတ်ပေးလိုက်မယ်ဆိုတဲ့ လမ်းပေါ့။ ပြီးတော့ ရိပေါ်ကိုလည်း ရွေးချယ်ရခက်တဲ့ အဖြစ်မျိုး မဖြစ်စေချင်တာ ကျွန်တော့်ရဲ့ အရိုးသားဆုံး စိတ်ဆန္ဒအမှန်။ သတ္တိမရှိတာလို့ စွပ်စွဲလာရင်လဲ အဲ့ဒီအတွက် ကျွန်တော့်မှာ ပေးစရာဖြေရှင်းချက်မရှိပါဘူး။

အထားခဲ့ခံရတယ်ဆိုတဲ့ အဖြစ်က ဘယ်လောက်တောင်သနားဖို့ ကောင်းလိုက်သလဲလေ။ ဒါ့ကြောင့် ကျွန်တော်ပဲ ရိပေါ်ကို ထားခဲ့လိုက်ဖို့ ရွေးချယ်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ရိပေါ်ကတော့ အရှုံးမရှိနိုင်ဘူးမလား။ စိတ်ရောကိုယ်ရောပေါ့။ ဒါဟာ နှစ်ယောက်လုံးအတွက် win-win situation ဖြစ်နိုင်တဲ့ အကောင်းဆုံးရွေးချယ်တဲ့ လမ်းလို့ ကျွန်တော်ထင်ခဲ့တာပါပဲ။

စိတ်ဆိုတာလဲ ထူးဆန်းသား။

ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာနဲ့ ထပ်တူကျ ဆိုတဲ့ စကားကို လူတွေက ပြောလေ့ရှိပေမယ့်လည်း ဖြစ်ချင်တာနဲ့ တကယ်ဖြစ်လာတာ ထပ်တူကျခဲ့ရင်တောင် မပျော်နိုင်တဲ့ စိတ်အခြေအနေတွေကိုရော ဘယ်လိုများ ခေါင်းစဉ်တပ်ရပါလိမ့်မလဲ။

ရိပေါ်ဆီကနေ ကျွန်တော် ထွက်ပြေးလာပြီးတဲ့နောက်ပိုင်း အဆင်ပြေချင်ယောင်ဆောင်နေတဲ့ အဆင်ပြေမနေသေးတဲ့စိတ်ကို အထပ်ထပ်အခါအခါ သုံးသပ်မိလိုက်တော့ ကျွန်တော်ဟာ ချစ်နေမိပြီဆိုတဲ့ အဖြေကို မလိုချင်ပဲရတယ်။

ခြေပြန်မနှုတ်မိခင်မှာ ခြေကျွံဝင်သွားတဲ့ နွံအိုင်လေးတစ်ခုလိုပေါ့။ နွံအိုင်မှန်းသိလို့ အလျင်အမြန် ရုတ်လိုက်ပေမဲ့ အချိန်မမီလိုက်တော့။

ကံကောင်းစွာနဲ့ပဲ ချစ်လားလို့ အမေးမရှိခဲ့သလို ချစ်တယ်လို့အဖြေမရှိခဲ့တဲ့ နှစ်ဦးကြားက ဆက်ဆံရေးအတွက် ဘုရားသခင်ကိုတိတ်တိတ်လေး ကျေးဇူးတင်လိုက်တယ်။အချစ်ဆိုတဲ့ အကြောင်းပြချက်ကောင်းကောင်းတစ်ခုနဲ့ ရိပေါ်ကို တင်းကြပ်စွာမချည်နှောင်ထားမိတဲ့အတွက်လည်း ကျွန်တော့်ကိုယ်ကျွန်တော် တိတ်တိတ်လေး ဂုဏ်ယူမိသေးတယ်။

Beyond My SonataWhere stories live. Discover now