ယင်းယန်(အလင်းနဲ့အမှောင်၊အကောင်းနှင့်အဆိုး)တောအုပ်ငယ်လေးရဲ့သမိုင်း...................။
လွန်ခဲ့တဲ့နှစ်တွေများစွာက ထင်ရှားပြီးနာမည်ကြီးခဲ့တဲ့ တိုင်းပြည်ကြီးတစ်ပြည်ရှိလေတယ်။အဲ့ဒီတိုင်းပြည်ကြီးဟာ မင်းကြီးရဲ့ကြင်ယာတော်မိဖုရားခေါင်ကြီးသေဆုံးသွားချိန်ကစ၍ စတင်ပျက်စီးလာကာ နေချင်းညချင်းပျက်သုန်းသွားခဲ့တယ်လို့အဆိုရှိကြတယ်။
အဲ့ပြည်ကြီးဟာ တောင်တွေကိုတံတိုင်းထားပြီး အလယ်မှာတည်ထားတဲ့ပြည့်လျံဆိုတဲ့တိုင်းပြည်ဖြစ်လေတယ်။ထို့အပြင် တောင်တွေကိုကွေ့ပတ်ကာစီးဆင်းလာသော ကြီးမားသည့်မြစ်လက်တက်ကြီးဟာလည်း မြို့ကိုတစ်ပတ်ပတ်ကာ မြို့လည်ကနေ ကန့်လန့်ဖြတ်စီးဆင်းနေတော့ ရေအရင်းမြစ်ကြွယ်ဝသည့်အပြင် ထိုအချက်ကပင်တခြားပြည်နယ်တွေနဲ့မတူပဲတမူထူးခြားသောပြည်ကြီးဖြစ်စေခဲ့တာပင်။သို့ပေမဲ့ ကောင်းတဲ့နေရာမှာ ဆိုးတဲ့အရာတွေပါဒွန့်တွဲရှိနေတတ်တာလောကဓမ္မတာတရားပင်မဟုတ်ပါလား။နိုင်ငံအတွင်း၊နန်းတော်အတွင်း အမျိုးအချင်းချင်းအာဏာကြောင့်နှင့်လည်းအချိန်မရွေးပြည်တွင်းစစ်အသေးစားကိုလည်းဖန်တီးနိုင်လေသည်။မွန်မြတ်ပြည့်စုံတဲ့ဘုရင်တစ်ပါးရဲ့အသက်သွေးကြောလိုတည်ဆောက်ခဲ့ရတဲ့တိုင်းပြည်ကြီးဟာ နေ့ချင်းညချင်း ပျက်စီးပြိုကွဲခဲ့ရလေသည်။
ထိုပြည်ကြီးမပျက်သုန်းခင်က အလွန်ထူးဆန်းသည့်တောအုပ်ငယ်တစ်ခုက တိုင်းပြည်၏အနီးတဝိုက်မှာရှိသည်ဟုကောလဟာလထွက်လာခဲ့ဖူးသည်။အသက်အရွယ်ကြီးတဲ့ရှေ့မှီနောက်မှီလူကြီးများကတော့ ထိုတောအုပ်လေးရဲ့နာမည်က ယင်းယန်တောအုပ်လို့ပြောခဲ့ကြတာပေါ့။ယင်းယန်တောဆိုတာဘာလဲ.....။
ရှေးနှစ်ပေါင်းများစွာက ပြည့်လျံပြည်ကြီးဖြစ်တည်မလာခင်မှာ တောင်ခုနှစ်လုံးပတ်ရံထားသည့်အလယ်ပိုင်လွင်ပြင်ကြီးဟာ ထူထပ်သိပ်သည်းသောတောအုပ်ဖြစ်ခဲ့ဖူးသည်။ထိုတောအုပ်ကိုစောင့်ကြပ်သည့် တောစောင့်နတ် ဆိုတာလဲရှိသည်ဟု ဒဏ္ဍာရီတစ်ချို့ကဖော်ပြကြလေသည်။ကုန်သည်အများစုသည် ထိုတောအုပ်ကြီးကိုအမှီပြုက တောင်ကြားလမ်းကိုဖြတ်သန်းသွားလာကုန်သွယ်ကြလေသည်။တစ်နေ့တွင်အရှေ့ဘက်လွင်ပြင်ဒေသကရောက်လာတဲ့ကုန်သည်အုပ်စုကြီးသည် တောကြီးအားအမှီသဟဲပြုကာ လူမျိုးစုအသစ်ထူထောင်ရန်ဆုံးဖြတ်ခဲ့ကြလေသည်။ထိုကုန်သည်အုပ်စုမှာကား ပြည့်လျံအရှင်မင်းကြီး၏ဘိုးဘေးများပင်ဖြစ်ကြလေ၏။
တစ်နေ့တွင် ကုန်သည်အကြီးအကဲဦးဆောင်သောအုပ်စုကြီးသည် တောစောင့်နတ်သမီးအပေါ်ခွင့်လွှတ်ရန်မထိုက်တန်သည့်ကြီးလေးစွာသောအမှားအားပြုမူကျူးလွန်မိကြလေသည်။ထိုအမှားကတစ်ခြားမဟုတ် တောစောင့်နတ်သမီးစောင့်ရှောက်သော ပိုင်နက်အတွင်းရှိ ယင်းယန်ချောက်ကမ်းပါးအား သွားရောက်ဖျက်စီးမိလေသောအမှားပင်ဖြစ်လေသည်။ထိုယင်းယန်ကမ်းပါးသည် နတ်သမီး၏ အထူးတလည်စောင့်ရှောက်ကာကွယ်ထားသော(သို့တည်းမဟုတ်)လူသားများရန်မှကာကွယ်ထားခဲ့သော နေရာတစ်နေရာဖြစ်သောကြောင့် နတ်သမီး၏ဒေါသအားစွမိသလိုဖြစ်ကာ အမျက်ချောင်းချောင်းထွက်စေခဲ့သည်။ထိုကုန်သည်အုပ်စုသည်အမှားတွေဆက်တိုက်ထပ်ကာကျူးလွန်ပြီးရင်းကျူးလွန်မိခဲ့လေသည်။
နတ်သမီးသည်အကြီးဆုံးနဲ့တာဝန်အရှိဆုံးသူအားအပြစ်ပေးရန်ကြံစည်ခဲ့သော်လည်း ထိုသူ၏မင်းဘုန်းရှိန်ဝါကြောင့် အသက်အားရန်ရှာ၍မရခဲ့ ။ ထိုကြောင့်သူမ၏အမျက်ဒေါသသည် တစ်ခြားတစ်ဖက်သို့ပြောင်းကာ တောအုပ်ကြီးတွင်းရှိမြစ်၏ ရေစီးဆင်းမှု့ကိုဖြတ်တောက်ခဲ့သည်။
ပြီးနောက် သူမ၏အထွဋ်အမြတ်ယင်းယန်ချောက်ကမ်းပါးကြီးအားဝူဖန်ဟုအမည်ရသည့်တောင်သို့ပြောင်းရွေ့ပစ်လိုက်လေသည်။
သို့ပေမဲ့ မူလတောအုပ်ကြီးအလယ်ရှိမြစ်ကြီးသည် ကုန်သည်လူမျိုးစုက တောစောင့်နတ်သမီးအားတောင်းပန်သောကြောင့် တစ်ဖန်ပြန်လည်စီးဆင်းခဲ့ရာ ပြည့်လျံပြည်ကြီးဖြစ်ပေါ်လာခဲ့ပါတော့သည်။ထိုချောက်ကမ်းပါးရှိတဲ့တောအုပ်ငယ်အား ဆိုးသွမ်းသည့်အနက်ရောင်မှော်ပညာမှလဲကာကွယ်သည့်အနေဖြင့် စိတ်ဓာတ်ကြည်လင်ဖြူစင်သော သန့်ရှင်းသောသမာဓိရှိသည့်လူသာတွေ့မြင်ဝင်ရောက်နိုင်ရမည်ဟု ကျိန်စာဆိုကာ သူမ၏အစွမ်းဖြင့်ကာရံထားခဲ့လေသည်။ထိုအချိန်မှစ၍ယင်းယန်တောအား မည်သူတစ်ဦးတစ်ယောက်မှရှာတွေ့ခဲ့ခြင်းမရှိသလို မြင်ဖူးခဲ့သူ ဝင်ရောက်နိုင်ခဲ့သူလဲမရှိတော့ပေ။
YOU ARE READING
Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)
Historical FictionZawgyi အကြောင်းတစ်ခုကြောင့် လက်ရှိနေရာကနေ တစ်ခြားနေရာတစ်ခုကို ရောက်ရှိလာသော မင်းသားတစ်ပါးနှင့် သူ့၏နောက်လိုက်များ....။ ထို့အတူ အချိန်အကန့်အသတ်နဲ့ ပါလာသော ကျိန်စာတစ်ခု.....။ ချစ်ရသူအတွက်ရှာဖွေရမည့်အမှန်တရားတစ်ခု....။ Unic...