◈𝟏

2.2K 145 7
                                    

Zawgyi

⭅⭆

"ပင်လယ်ကြီးရဲ့ ဟိုးရေအောက် နက်နက်ထဲမှာ အသားစား ငါးကြီးတွေ ရှိတယ် ... သူတို့က ဗိုက်ဆာပြီဆို ရေပြင်ပေါ်တက်လာပြီး လူတွေကို ဆွဲစားကြတာ ... ခန္ဓာကိုယ်ကလည်း အကြီးကြီးနဲ့ အစွယ်ကြီးတွေက ကြောက်စရာကြီး ... ဒါပေမဲ့ အဲ့ဒီအသားစား ငါးတွေကို ပြန်စားတဲ့ သတ္တဝါကောင် ရှိသေးတယ် ... အရွယ်အစားက မိုးထိအောင် မြင့်မားပြီးတော့ ပါးစပ်ထဲကနေ မီးတောက်တွေ မှုတ်ထုတ်တဲ့ကောင် ... အဲ့အကောင်ကြီး နာမည်က နဂါးတဲ့"

"နဂါး ..."

"အင်း ... နဂါးကြီးတွေ"

အမှန်တကယ်တော့ နဂါးတွေ ဘာစားလဲ သူမ မသိပါဘူး။ ဒီကမ္ဘာကြီးထဲ ဆက်လက် ကျန်ရှိနေသေးလား ဆိုတာကိုလည်း သူမ တကယ်မသိဘူး။ သူမ သိတာတစ်ခုက ဒီအရစ်ရှည်တဲ့ကလေး မြန်မြန်အိပ်ရာဝင်ပြီး နောက်ရက်တွေမှာ ရေနက်ပိုင်းထဲ သွားမဆော့တော့ရင် ရပြီ။ အဲ့အတွက်ကို ရှေးယခင်ကတည်းက ဘိုးဘေးဘီဘင် အဆက်ဆက် ပြောဆိုလာကြသည့် ဒဏ္ဍာရီလာ နဂါးကြီးများ အကြောင်းကို ယနေ့ညဖြင့် လက်ဆင့်ကမ်း ပြောရပေတော့မည်။

ဖယောင်းမီးရောင်အောက်၌ မျက်လုံးလေးတွေ ဝိုင်းစက်ကာ စိတ်ဝင်တစား နားထောင်နေသည့် ကလေးငယ်ကို သူမ ဆက်ပြောလိုက်သည်။

"မေမေတို့ရွာမှာ အဲ့နဂါးကြီးကို မြင်ဖူးတဲ့သူ ရှိခဲ့တယ် ... လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ကျော်က ရေမုဆိုးသုံးယောက် ပင်လယ်ထဲကို ငါးဖမ်းထွက်တာ ကံမကောင်းတော့ မုန်တိုင်းမိပြီး ကျွန်းကြီးတစ်ကျွန်းပေါ် ရောက်သွားကြတယ် ... အဲ့မှာ နဂါးကြီးနဲ့ တိုးပါလေရော ... ရေမုဆိုးတစ်ယောက်က နဂါးကြီး သူ့အဖော်နှစ်ယောက်ကို ရက်ရက်စက်စက် ကိုက်စားတာကို မြင်တော့ အထပ်ထပ်အခါခါ တောင်းပန်ငိုကြွေးပြီး သူ့ကိုလွှတ်ပေးရင် နှစ်စဉ်နှစ်တိုင်း လူသုံးယောက်ကို ယဇ်ပူဇော်ပေးမယ်လို့ ပြောလိုက်တယ် ... ဒီလိုနဲ့ပဲ သူက ရွာကို အသက်ရှင်လျက် ပြန်ရောက်လာတယ်ပေါ့ ... နဂါးကြီးကလည်း ကတိအတိုင်း လူသားတွေကို လာစားတယ် ... ပြီးတော့ အဲ့နဂါးကြီး နေတဲ့နေရာက သားသား သွားခိုးဆော့တဲ့ နေရာပဲ ... ကြောက်စရာ ကောင်းလွန်းလို့ ရွာက အကြီးအကဲတောင် မသွားရဲတဲ့ တားမြစ်နေရာ ... နဂါးကြီး ဗိုက်ဆာတဲ့အချိန် ပေါ်လာပြီး သားသားနဲ့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ ... သားသား ကိုက်စားခံရလိမ့်မယ် ... ဒါကြောင့် သွားမဆော့ရဘူးနော်"

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now