◈𝟐

1K 139 5
                                    

Zawgyi

⭅⭆

မှောင်မဲနေသည့် လိုဏ်ဂူသည် ဝင်ပေါက်တည့်တည့်တွင် ဖြာကျနေသည့် ဖိုးလမင်းကို အမှီပြုကာ မှိန်ပြပြလင်းထိန်ရာ၏။ ဂူထဲရှိ ရေသူထီးလေး တစ်ကောင်သည် တစ်တောင်ကျော်လောက် ရှိမည့် ရေလွှာထုထဲတွင် ထိုင်လျက်ရှိနေပြီး ရွှံ့မြေပေါ်၌ သတိလစ်နေသည့် လူသားကို တစိမ့်စိမ့် ငေးကြည့်နေသည်။ ရေသူထီးလေး ငေးကြည့်နေဆဲ အတွင်းမှာပင် ထိုလူသား၏ မျက်လုံးတွေက ဖြည်းဖြည်းချင်း ပွင့်ဟလာသည်။ ထိုသူက သတိရလျှင်ရချင်း ငေါက်ခနဲထထိုင်ကာ မျက်စိအစုံမှိတ်လျက် ကြောက်အားလန့်အား အော်ဟစ်လာ၏။

"အားး ! ... မစားပါနဲ့ မစားပါနဲ့ ! ... တောင်းပန်ပါတယ် ! ... ကျွန်တော့်အသားက မချိုပါဘူး ! ... အရက်တွေ သောက်ထားလို့ ခါးတူးနေတာ ! ... ဝမ်းလျှောတက်ပါတယ် ! ... မစားပါနဲ့ ! ... ကျွန်တော့်ကို မစားပါနဲ့ !"

ရေသူထီးလေးက ကြောင်အအလေးသာ ကြည့်နေသည်။ သူက ထိုလူသားပြောသည့် စကားတွေကို သိပ်မှနားမလည်ပဲလေ။

ဝမ်းလျှောတယ်ဆိုတာ အီးအီးပါတာကို ပြောချင်တာလား။ လူသားတွေ အီးပါတက်တာကို သူသိပေမဲ့ ဝမ်းလျှောတယ်ဆိုသည့် စကားလုံးကိုတော့ နားမလည်ပေ။ စိတ်ထဲမှာတော့ ကြားဖူးသလိုလို ရှိနေပေမဲ့ လူသားကုန်းမြေထံ မရောက်တာကြာသည့် သူ့အဖို့ မှတ်မိဖို့မပြောနှင့်၊ တစ်ခါတလေကျ ဘယ်လို စကားပြောရသလဲတောင် မေ့နေတက်သည်။

ကပေါက်တိကပေါက်ချာ လျှောက်အော်နေသည့် ချန်ဖေးယွီမှာ တစ်ဖက်သားထံမှ တုံ့ပြန်မှုတစ်ခုမှ ပြန်မရသည့်အခါ မျက်လုံးကို မရဲတရဲ ဖွင့်လိုက်ပြီး အနှီထူးထူးဆန်းဆန်း သတ္တဝါကို အကဲခတ်ပေတော့သည်။

ရေသူထီး။ ပုံပြင်တွေထဲမှာသာ ကြားဖူးထားသည့် လူတစ်ပိုင်း ငါးတစ်ပိုင်း ရေနေသတ္တဝါ။ အကျည်းတန် ရုပ်ဆိုးပြီး၊ ပင်လယ်ထဲ ရောက်လာသည့် လူတွေကို ဆွဲဆောင်ဖြားယောင်းကာ၊ မြိန်ရေယှက်ရေ စားသောက်သည့် ဒဏ္ဍာရီလာ အသားစား ငါးတစ်မျိုး။ ဒါပေမဲ့ သူ့ရှေ့က ရေသူထီးကတော့ ၎င်းပုံပြင်များနှင့် အတော်လေးကို ကွဲလွဲစွာ၊ ရေသူထီးဟု ဆိုမရလောက်အောင်ပင် လှရက်လွန်းနေသည်။ မသိလျှင် နတ်ဘုရား အတိုင်းပဲ။

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now