◈𝟏𝟓

613 63 5
                                    

Zawgyi

⭅⭆

ချန်ဖေးယွီ အတောင်ပေါက်ပြီးသာ ပျံသွားလိုက်ချင်သည်။ သူကပဲ စိတ်လောနေ၍လား မသိ။ အပြန်ခရီးက သိပ်ကို ကြာလွန်းသည်ဟု ခံစားရ၏။ တွေးကြည့်သလောက် ယွင် ရေသူထီး ဖြစ်နေခြင်းက အကြီးမားဆုံး အားသာချက် ဖြစ်သွားပုံရသည်။ ပင်လယ်ဆိုသည်မှာ လူသားတွေအတွက် ဘေးအန္တရာယ် တစ်စိတ်တစ်ပိုင်း ဟုတ်ပေမဲ့၊ ယွင့်အတွက်က အသက်ရှင် လွတ်မြောက်ရာလမ်းပင်။ အနည်းဆုံးတော့ ထိုလူတွေလက်ထဲ မရှိတော့သည်မို့ သူ့စိတ်လေး အနည်းငယ် ဖြေသိမ့်နိုင်ပါ၏။ ဒါပေမဲ့ စိုးရိမ်စိတ်များက ဝင်ပြီးရင်း ဝင်လာနေဆဲပင်။ ယွင် ဒဏ်ရာများ ရနေမလား။ အခုရော ဘယ်ဆီရောက်နေမလဲ။ ကျွန်းဆီပဲ ပြန်သွားလား။ ဒါမှမဟုတ် သစ်သားအိမ်လေးဆီ ပြန်သွားပြီး သူ့အား ထိုင်စောင့်နေလိမ့်မလား။ ဒါ့အပြင် သူ့ကိုရော မြင်ချင်ပါဦးမလား။ တွေးပူစရာများက အများကြီးမှ အများကြီးပင်။ ထိုထဲကမှ သေချာသည့် တစ်ခုကတော့ ယွင် ကုန်းမြေဆီ ထပ်မလာရဲတော့အောင် ကြောက်ရွံ့သွားပြီး၊ လူသားများအား စက်ဆုပ်ရွံမုန်းသွားမှာပဲ ဖြစ်သည်။ ဧကန်မုချ ပြောနိုင်သည်။

သင်္ဘောကမ်းကပ်သည်နှင့် သူ လူများကို တွန်းတိုက်ကျော်လွှားပြီး၊ အလျင်စလို ခုန်ဆင်းလိုက်သည်။ ဆိပ်ကမ်းမှနေ သစ်သားအိမ်လေးဆီ ဆက်တိုက်ပြေး၏။ မောဟိုက်နေသည့်အပြင်၊ မျက်နှာတစ်ပိုင်းကိုလည်း ဖုံးထားရသောကြောင့် လူက အသက်ရှူ ကျပ်မတက် ဖြစ်နေ၏။ ပိတ်သားစ အပြင်ဘက်ရှိ လေအား ကြိုးစားပမ်းစား ပါးစပ်ထဲ သွင်းယူနေရသည်။

အိမ်ရှေ့တွင် မည်သူကမှ ထိုင်စောင့်မနေ။ စိတ်ထဲ၌ မျှော်လင့်ချက်မဲ့သည့်နှယ် ခံစားလိုက်ရပြီး၊ သို့သော်လည်း ယွင် ပင်လယ်ထဲ၌ ရှိနေကြောင်း တွေးလိုက်မိသည့်အခါ ချက်ချင်းကို စိတ်သက်သာရာ ရသွားပါ၏။ ချန်ဖေးယွီ သော့ဖွင့်လိုက်ပြီး၊ အိမ်ထဲသို့ ဝင်လိုက်သည်။ တစ်လကျော်ကြာ ပိုင်ရှင်မဲ့နေခဲ့သည့် အိမ်လေးမှာ ဖုန်တထောင်းထောင်း ထနေပြီး၊ လေတစ်သုတ်က ဝေ့ဝဲတိုက်သွားသည့်အခါ အမှုန်အမွှားများက နောက်ဖေးဘက်သို့ ပျံ့လွင့်ကုန်သည်။ ချန်ဖေးယွီ ပြတင်းတံခါးများကို ဖွင့်လှစ်လိုက်ပြီး၊ ရေပုံးဆွဲကာ ရေတွင်းဆီ သွားလိုက်သည်။ ပြီးနောက် အဝတ်စုတ်ယူ၍ တစ်အိမ်လုံးအား စတင် သန့်ရှင်းတော့သည်။ အကယ်၍ အခုနေများ ယွင်ရောက်လာခဲ့လျှင် သန့်သန့်ရှင်းရှင်း ကြိုဆိုရနိုင်အောင် ဖြစ်သည်။ နေ့ခင်းလား၊ ညနေလား၊ ညလား။ ဘယ်ချိန်မဆို ယွင် ပြန်ရောက်လာနိုင်သည်လေ။ သူရှိနေသရွေ့ ပြန်လာဦးမည်ပင်။

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now