Zawgyi
⭅⭆
"ဘယ်လိုလုပ် သိတာလဲ ..."
ချန်ဖေးယွီ အံ့အားသင့်သွားသလို သံသယလည်း ဖြစ်မိကာ ထိုသူ့အား မေးဆိုလိုက်သည်။ ထိုသူသည် အရွယ်အားဖြင့် သက်လတ်ပိုင်းထဲ ရောက်နေသည့် မိန်းမတစ်ယောက်ပင်။ နုနုထွတ်ထွတ်လေး မဟုတ်တော့ပေမဲ့ ချောမောမှု အရှိန်အဝါကတော့ မပျောက်ပြယ်သေး။ 'မမ၊ မမ' ဟု ဆို၍ ကလေးဆန်ဆန် ချွဲနွဲ့ရခြင်းအား သဘောခွေ့သည့် ယောင်္ကျားသားများအတွက် သူ့ရှေ့က တစ်ယောက်က သင့်လျော်မှုရှိသည်ဟု ပြော၍ရမည်။ သူမက သူ့အား ကြာကြာမကြည့်ရဲသဖြင့် မျက်လွှာချကာ ခေါင်းငုံ့သွားသည်။ ချန်ဖေးယွီ မျက်ဝန်းများကို ကျဉ်းမြောင်းပစ်လိုက်ပြီး လက်ပိုက်ကာ ဖြေရှင်းချက်တစ်ခုကို စောင့်နေလိုက်သည်။
"သခင်လေး မျက်နှာမှာ အကုန်ပေါ်နေတယ်လေ ... ခုနက မမရွှေနားမှာ ကျွန်မရှိနေတယ် ... တမင်တကာ ချောင်းနားထောင်တာ မဟုတ်ပေမဲ့ ငွေစာရင်း စစ်နေရင်း သခင်လေး ပြောတာအကုန် ကျွန်မ ကြားလိုက်ရတယ် ... အဲ့ဒီ အဖော်မလိုဘူးဆိုတဲ့ စကားမှာ ကျွန်မစိတ်က လူတစ်ယောက်ကို သွားသတိရမိတာပါပဲ"
သူမက သက်ပြင်းဖွဖွ ချလိုက်သည်။
"ဒီလိုပါ ... မနှစ်တုန်းက လူတစ်ယောက် ဒီမှာ တည်းသွားဖူးတယ် ... သူလည်း သခင်လေးနဲ့ တစ်ထပ်တည်း တူတဲ့စကားကို ပြောခဲ့တာ ... အဖော်မလိုဘူးတဲ့လေ ... ကျွန်မသက်တမ်း တစ်လျှောက် ဆောင်ကြာမြိုင် သုံးခုမှာ နေလာခဲ့ရတာ ... လူတစ်ယောက်က အဖော်မလိုဘူး ပြောတာကို အဲ့တုန်းက ပထမဆုံး ကြားလိုက်ရတာပဲ ..."
သူမက စကားစကို ဖြတ်လိုက်ကာ သူ့အား အနည်းငယ် မော့ကြည့်လာသည်။ ထို့နောက် ချက်ချင်းပဲ ပြန်ငုံ့သွားပြန်သည်။ ထိုသူက ဆက်ပြောပါ၏။
"နောက်တစ်ရက်ကျ သူ ကျွန်မကိုခေါ်ပြီး အကူအညီတစ်ခု တောင်းတယ် ... လူအများကြီးထဲကမှ ဘာလို့ကျွန်မလဲဆိုပြီး မေးလိုက်တာ .... သူပြန်ဖြေတာက ကျွန်မက သူ့အခြေအနေကို နားလည်ပေးနိုင်မယ် ထင်လို့တဲ့ ... သူ ဒီမြို့ကိုလာတာ သူ့ညီမလေးကို ရှာချင်လို့ဆိုပြီး ပြောတယ် ... သူ့ညီမလေးက ခရီးသွားနေတုန်း အဖမ်းခံလိုက်ရတာ ... သူ နေရာအနှံ့မှာ လိုက်ရှာခဲ့ပြီး သတင်းရလို့ ဒီကိုရောက်လာတာ ... ကျွန်မ သူ့ကို ကူညီပေးလိုက်တယ် ... သူပြောတဲ့ နေရာကို ကူရှာပေးတယ် ... ကံကောင်းချင်တော့ ပြန်ပေးဆွဲတဲ့သူကို ရှာတွေ့သွားတယ် ... သူ့ညီမလေးကိုလည်း တွေ့လိုက်ရပေမဲ့ ကံဆိုးတာက ဒဏ်ရာတွေ ပြည့်နှက်နေတဲ့ အလောင်းတစ်ခုအပြင် မပိုခဲ့ဘူး ... အဲ့ဖြစ်ရပ်က ကျွန်မမှတ်ဥာဏ်ထဲမှာ စွဲစွဲမြဲမြဲ ကျန်နေတာ ... သခင်လေးကို အခုတွေ့လိုက်ရတော့ ခဏလေး မြင်လိုက်ရတာတောင် သခင်လေး မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေ ... ဝမ်းနည်းနာကျင်မှုတွေကို ကျွန်မ ဖော်ထုတ်နိုင်တယ် ... ကျွန်မပြောတာ မမှားဘူးဆို သခင်လေးလည်း အဲ့လိုကြောင့် ဒီကို ရောက်လာတာပဲမလား"
YOU ARE READING
𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」
Fanfiction➛ 𝐅𝐞𝐢𝐘𝐮𝐧𝐗𝐢 ➛ 𝐔𝐩𝐝𝐚𝐭𝐞 𝐎𝐧 𝐒𝐮𝐧 𝐚𝐧𝐝 𝐖𝐞𝐝 ➛ ရှီး ... ကြီးကျယ်ခမ်းနားတဲ့ 'ရှီး' ... ဒါပါ ထပ်ပေါင်းထည့်လိုက် ... ငါမင်းကို လော်ယွင်ရှီးလို့ ခေါ်မယ် ... အဖိုးတန် ရတနာလိုပဲ ... မင်းက တကယ်လည်း ထည်ဝါလှတယ် ➛ ရှီး ... ကြီးကျယ်ခမ်းနားတဲ့ 'ရ...