◈𝟏𝟑

326 54 4
                                    

Zawgyi 

⭅⭆

လဝက်စွန်းစွန်းမျှ ကြာပြီးသည့်နောက် ကုန်သွယ်သင်္ဘောကြီးက အရှေ့တိုင်းနိုင်ငံဆီသို့ ရောက်လာပြီ ဖြစ်သည်။ ခရီးသည်များက ဆိုင်ရာပိုင်ရာ အထုပ်များအား ကိုယ်စီသယ်ကာ သင်္ဘောပေါ်မှဆင်းရန် အသင့်ဖြစ်နေကြပြီး၊ မျက်စိရှေ့က လှမ်းမြင်နေရသည့် ဆိပ်ကမ်းတွင်လည်း ပုံပန်းသဏ္ဍာန် မတူညီသော လူသူများစွာသည် လိုရာခရီးနှင်ရန် ပျားပန်းခပ် သွားလာလှုပ်ရှားနေကြသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးက ပင်လယ်ထဲနေသည့် နိုင်ငံသူ နိုင်ငံသားများအဖို့ မမြင်ချင်လောက်အောင် ရိုးအီစရာပေမဲ့ သူကတော့ စိတ်ဝင်တစား ကြည့်နေမိသည်။ အမှန်တကယ်က တစ်ခါမှ မမြင်ဖူးသည့် မျက်နှာစိမ်းတွေထဲ သူသိသည့် တစ်ယောက်ကိုဖြင့် ကံကောင်းထောက်မစွာ တွေ့လိုတွေ့ငြား စူးစိုက်ရှာဖွေနေခြင်းပင်။

သင်္ဘောက ကမ်းသို့ကပ်သည့်အခါ ချန်ဖေးယွီ မြန်မြန်သွက်သွက် ဆင်းလိုက်သည်။ သူ အင်မတန်မှ အလျင်လိုနေသည်လေ။ ဒီကြားထဲ ကုန်းပေါင်ကူးချိန် အမယ်အိုတစ်ဦးက အသီးများ ပြည့်နေအောင် ထည့်ထားသည့် တောင်းအကြီးကြီးအား တုန်တုန်ချိချိနှင့် မနိုင်မနင်း ဆွဲနေသောကြောင့် ရေထဲသို့ ခြေချော်ပြုတ်ကျမည်စိုးကာ မနေနိုင်ဘဲ ဝင်ကူညီလိုက်သေးသည်။ သစ်သီးတောင်း အလေးကြီးအား ကမ်းပေါ်သို့ သေချာလေး တင်ပေးပြီးသည်နှင့် သူ အမယ်အိုကြီးက ကျေးဇူးတင်စကား ပြောနေသည်ကိုတောင် နားမထောင်တော့ဘဲ မြို့ထဲသို့ ဝင်လာလိုက်သည်။ စိတ်လောနေသောကြောင့် သူ့ခြေထောက်များမှာ နှေးနှေးလျှောက်၍ မရအောင်ကို မပြေးရုံတမယ် ဖြစ်နေ၏။

မြို့ထဲသို့ ဝင်လိုက်ရုံနှင့်ပင် အထဲ၌ စည်စည်ကားကား ရှိနေသည်။ အထူးသဖြင့် လမ်းနံဘေးတွင် ပစ္စည်းများ ခင်းကျင်းရောင်းချသည့် ဈေးသည်များ၏ ဝယ်သူခေါ်သည့် အသံဆာဆာများက မပြတ်ထွက်ပေါ်နေသည်။ ဤအရှေ့တိုင်း၌ ဆိပ်ကမ်း မည်မျှရှိသလဲ ချန်ဖေးယွီမသိ။ သူကျော်လွန်လာသည့် ဆိပ်ကမ်းကတော့ ဟိုင်နိုင်ငံ၏ အဓိက ဆိပ်ကမ်းများကဲ့သို့ပင် ကျယ်ပြောသည်။ ဤသို့လာရခြင်း၏ ရည်ရွယ်ချက်အား တက်နိုင်သမျှ အမြန်ဆုံး အကောင်အထည် ဖော်ချင်သည့်အတွက် သူ အချိန်မဆွဲတော့ဘဲ ပန်းထိုးအိတ်ရှုံ့လေးများ ရောင်းနေသည့် ဈေးသည်လူငယ် တစ်ဦးထံ သိချင်သည်များမေးရန် သွားလိုက်သည်။

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now