◈𝟔

423 74 11
                                    

Zawgyi 

⭅⭆

ချန်ဖေးယွီ အိမ်သို့ပြေးလာသည်။ ဆယ်ယောက်မကသော လူအုပ်စုများကို တွန်းတိုက်ဖယ်ထုတ်ပြီး ပွဲတော်ထဲမှ မမောနိုင်မပန်းနိုင် အစွမ်းကုန် ပြေးလာခဲ့သည်။ ဦးနှောက်ထဲ စိုးရိမ်ပူပန်ခြင်းတို့ ကြီးစိုးလျက်၊ နှလုံးသားက တင်းကျပ်နေကာ ဖုတ်ပူမီးတိုက် ခြေသံတို့သည် တောအုပ်ထဲ အစိုးမရစွာ ထွက်ပေါ်နေပြီး၊ မှောင်ကြီးမဲကြီး ရှုခင်းတွေကသာ နောက်ပါးတွင် တစ်ရိပ်ရိပ် ကျန်ခဲ့လေသည်။

အိမ်သို့ရောက်သည်နှင့် အရင်ဆုံး ရှာသည်မှာ တောခုတ်ဓားပင်။ အသုံးမလို၍ ပစ်ထားသည့် ထိုဓားရှည်ကြီးက ခက်ခက်ခဲခဲ ရှာစရာမလို။ ချောင်တစ်ချောင်၌ သွားတွေ့၏။ ချန်ဖေးယွီ နဂါးမျက်နှာဖုံးအစား မဲနက်နေသည့် အဝတ်စကို မျက်နှာတစ်ဝက် ခိုင်မြဲစွာ စည်းနှောင်လိုက်ပြီး၊ ချောမောခန့်ငြားသည့် မျက်နှာကို ဖုံးကွယ်လိုက်သည်။ ဒါ့အပြင် သူ အိမ်ပြင်က ကျောက်တုံးကြီး တစ်ခုပေါ်တွင် ဓားသွားကို ခပ်မြန်မြန် သွေးလိုက်ပြီး၊ အဲ့နောက် ခါးကြားထိုးကာ ချက်ချင်းဆိုသလို မြို့စားမင်းအိမ်ဆီ တန်းပြေးသည်။

ချန်ဖေးယွီ တောအုပ်ထဲက အချိန်တစ်ခုကြာ ဖြတ်၍ပြီးမှ မြို့လမ်းမပေါ် တက်သည်။ လမ်းမပေါ် မတက်ခင် တောစပ်နား၌ ကာရံထားသည့် ခြံစည်းရိုးအား အရင်ကျော်ရသေးသည်။ ထိုစည်းရိုးမှာ မြို့အစွန် တောထဲသို့ မည်သူမှ မဝင်ရအောင် အတားအဆီး အနေဖြင့် ပိတ်ဆို့ထားခြင်း ဖြစ်သည်။ အကြောင်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ထူးဆန်းထွေလာ အဖြစ်အပျက်များကြောင့်ပင်။ ထိုအချိန်အခါက တောအုပ်ထဲသို့ သစ်ခုတ်သွားသူများမှာ တစ်ဦးမဟုတ်တစ်ဦး အသက်လု ပြေးလာကြပြီး အိမ်ရောက်သည်နှင့် မကျန်းမမာဖြစ်ကာ နောက်ရက်များ၌ ရုတ်ခြည်း သေဆုံးသွားကြသည်။ ထိုလူတွေသည် မသေခင် အချိန်ထိကို 'တောထဲမှာ သရဲရှိတယ် ! တောထဲမှာ သရဲရှိတယ် ! သရဲ ! သရဲ !' ဟူ၍ ကယောင်ချောက်ချား အော်ဟစ်မြည်တမ်းကာ လူအပေါင်းတို့အား ကြောက်ရွံ့၊ တုန်လှုပ်သွားစေခဲ့သည်။ ထို့ကြောင့် ဤကဲ့သို့ ခဏခဏ ဖြစ်လာသည့်အခါ လူတွေက ၎င်းကို ကျိန်စာဟူ၍ သတ်မှတ်လိုက်ပြီး၊ ထိုတောအုပ်ကိုပါ ရာသက်ပန် ပိတ်လိုက်ခြင်းပင်။ ကိုယ့်ကိုယ်ကိုယ် သတ္တိအရှိဆုံးသူလို့ ကြွေးကြော်ကြွားဝါသူများတောင် အလွန်ဆုံးမှ တောစပ်နားထိပဲ သွားရဲကြပေသည်။

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now