◈𝟗

343 56 8
                                    

Zawgyi

⭅⭆

"ယွင်ရေ ! ... ရေချိုးလို့ရပြီ !"

စည်ပိုင်းထဲသို့ ရေအပြည့် ဖြည့်ပြီးသွားသော ချန်ဖေးယွီမှာ နဖူးပေါ်က ချွေးစကို လက်ခုံဖြင့် ပွတ်သုတ်လိုက်ပြီး လက်ကို နှုတ်ခမ်းနားကပ်၍ အိမ်ရှေ့သို့ လှမ်းအော်လိုက်သည်။ လေလှိုင်းများက သူ၏အသံအား သယ်ဆောင်သွားကာ၊ ခြံထဲရှိ ထင်းချောင်းလေးများကို စီရီနေသော လော်ယွင်ရှီးထံသို့ အတားအဆီးမရှိ ရောက်သွားပေသည်။ လော်ယွင်ရှီးလေးက ခေါင်းထောင်ကာ လှည့်ကြည့်လာပြီး၊ သူက နောက်ဆုံးသော ထင်းချောင်းကို ထင်းပုံပေါ်သို့ တင်လိုက်ကာ လက်နှစ်ဖက်အား ပုတ်ခါလျက် အိမ်လေးထဲသို့ ဝင်လာပေ၏။

"ရေချိုးမယ် ရေချိုးမယ် ... သဲတွေနဲ့ ညစ်ပတ်နေတာ"

ဟေမန်ဆောင်း၏ မွန်းတည့်ခါနီးလေသည် အေးစက်မှုများ မပါဝင်တော့ဘဲ နွေးနွေးပျပျ ဖြစ်နေသည်။ သို့ပေမဲ့ လတ်ဆတ်၊ သန့်ရှင်းမှုကတော့ ရှိနေဆဲပင်။ ချန်ဖေးယွီက လော်ယွင်ရှီးအား နူးနူးညံ့ညံ့ ပြုံးပြ၍ လက်ကမ်းပေးသည်။ နှုတ်ဖျားမှလည်း ပြောလာ၏။

"ချိုးပါဗျာ ... ထင်းခြောက်တွေ ငါစီလိုက်လည်း ဖြစ်တာကို ... ယွင် ပင်ပန်းသွားပြီ ... ကျေးဇူးပဲနော် ငါ့ယွင်လေး"

"ချန်ဖေးဖေးယွီ သက်သာအောင် ကူညီပေးတာကို ကျေးဇူးတင်စရာ မလိုပါဘူး"

လော်ယွင်ရှီးက မျက်စောင်းဟု မဆိုသာသော မျက်စောင်းလေး ဝင့်လိုက်သည်။ သူက ချန်ဖေးယွီ၏ လက်ဖဝါးထဲက သူ၏လက်အား ပြန်ရုပ်လိုက်ပြီး အပေါ်ဝတ်ရုံများကို ချွတ်လိုက်သည်။ ထို့နောက် အတွင်းဝတ်ရုံ။ အဖြူ ရောင် ဖဲကြိုးလေးနှင့် စည်းနှောင်ထားသော ဆံနွယ်များကိုလည်း ဖြေချလိုက်သည်။ သူ ထိုကဲ့သို့ ပြုလုပ်သည့် အချိန်ခဏမှာ ချန်ဖေးယွီက သွေးရောင်ရဲနေသော မျက်နှာကို တစ်ဖက်သို့ လှည့်ထားချေ၏။ လော်ယွင်ရှီးက ရေစည်ပိုင်းထဲ ဝင်သွားပြီး ထိုင်ချလိုက်ကာ၊ ထို့နောက်တွင်တော့ ခြေထောက်လေးများက ငွေဖြူ ရောင် အမြီးအဖြစ်သို့ ပြောင်းလဲသွားကာမှ ချန်ဖေးယွီက အကြည့်ပြန်ပို့သည်။ သူက ခွေးခြေဆွဲယူကာ အနားတွင် ထိုင်လိုက်သည်။

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now