𝑬𝒙𝒕𝒓𝒂 ◈𝟏

395 51 0
                                    

Zawgyi

⭅⭆

ပင်လယ်ရေအောက် ကြမ်းပြင်၌ လူတစ်ယောက် အလုပ်ရှုပ်နေသည်။ ရေအောက်နက်ပိုင်း ဖြစ်သည့်အတွက် နေရောင်ခြည်တောင်မှ မထိုးဖောက်နိုင်ရာ၊ ၎င်းအပြာရင့်ရောင် အမှောင်ထုထဲတွင် ထိုသူက တစ်စုံတစ်ခုကို အာရုံစိုက်လျက် ရှိနေ၏။

ချန်ဖေးယွီ အသက်ကို ဖြည်းညင်းစွာရှူ ၍ အစာငမ်းနေသည့် ရွှေငါးကြီးနား အသာလေး ကူးခတ်သွားလိုက်သည်။ ထိုငါးကြီး ထွက်ပြေးသွားမည်အား စိုးရိမ်သောကြောင့် ခြေထောက်ကိုတောင် ရဲရဲကြီး မခတ်ရဲပေ။ သူ့အား ကျောပေးထားသည့် ရွှေငါးကြီးက နီးကပ်နေသည့် အန္တရာယ်ကို နည်းနည်းလေးမှ မခံစားမိ။ ချန်ဖေးယွီ ၎င်းနှင့် နီးနီးကပ်ကပ် ဖြစ်သွားသည့်အခါ သူ၏ လက်များကို ငါးဘေးတွင် တစ်ဖက်စီ ကပ်ထားလိုက်ပြီး၊ အဆင်သင့် ဖြစ်ပြီဆိုမှ အမိအရ ဖမ်းဆုပ်လိုက်သည်။ ဆူဖြိုးနေသည့် ရွှေငါးကြီးက ညနေစာအထိပါ လုံလောက်နိုင်သည်။ ချန်ဖေးယွီ ရုန်းကန်လှုပ်ရှားနေသည့် ထိုငါးအား အညှိတက်နေသည့် ကျောက်တုံးတစ်တုံးနှင့် အကြိမ်ရေများစွာ ပွတ်တိုက်လိုက်သည်။ ထို့နောက် သေသွားသော ရွှေငါးကြီးကို လွယ်လာသည့် အိတ်ထဲသို့ ထည့်လိုက်သည်။ လေးလံနေသည့် အိတ်က ဒီနေ့အဖို့တော့ အတော်လေး ဖူလုံချေပြီ။

ချန်ဖေးယွီ ရေမှော်ပင်ကြီးများအား ရှောင်ရှားလိုက်ပြီး ရေပြင်ပေါ်တက်ရန် ပြင်လိုက်သည်။ ပင်လယ်နက်ပိုင်းထဲ ပေါက်ရောက်သည့် ရေမှော်များမှာ သန်စွမ်းကြီးမားပြီး၊ အလျားမှာလည်း သူ့အရပ်၏ နှစ်ရပ်စာကျော်လောက် ရှည်လျားကာ အစုလိုက်အပြုံလိုက် ပေါက်နေခြင်းပင်။ အစိမ်းရောင်နှင့် အဝါရောင်တို့ ရောစပ်နေသည့် အခက်အနွယ်များက အတူတကွ ရောနှောထွေးယှက်နေကာ၊ မသိလျှင် သရဲတစ္ဆေကြီးများနှင့် တူ၏။ သူ အရင်က ရေအောက်ကြမ်းပြင်သို့ လာချိန်တိုင်း ထိုအပင်ကြီးများနှင့် ခဏခဏငြိသည်။ ငါးဖမ်းလျှင်လည်း ၎င်းအပင်တွေကို ရှောင်နေရတာနှင့်ပင် ခဏခဏ လွတ်သွားသည်။ ထိုအချိန်တုန်းကဆို သူ့အဖြစ်ကိုကြည့်ပြီး ယွင်က တဟားဟားရယ်သည်။ တချို့သော အတက်ပညာများကို ယွင့်ထံမှ နှစ်ပတ်လောက် အချိန်ယူ၍ သင်လိုက်ရကာ၊ ထို့နောက်တော့ သူ အပင်များအား ရှောင်တက်သွားချေသည်။ ငါးကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ဖမ်းတက်ခဲ့သည်။ ယခုဆိုလျှင် အချိန်အားဖြင့် ငါးနှစ်တောင် ရှိသွားချေ၏။

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now