ငယ်ကျောင်းပိတ်ရက်မို့ အပြင်ထွက်လည်ဖို့သူငယ်ချင်းတွေကိုချိန်းလိုက်ပြီးကာမှ ဟိုလူကြီးကအိမ်ကိုရောက်လာတော့ ငယ်အပြင်ထွက်ဖို့စိတ်ကမဖြောင့်တော့။အဲ့ဒါနဲ့ပဲ အခန်းထဲကနေအဲ့ဒီလူကြီးပြန်မယ့်အချိန်ကို စောင့်နေလိုက်သည်။နာရီအတော်ကြာသည်အထိ ဒီလူကြီးကမပြန်တတ်သေးတော့ ငယ်စိတ်မရှည်တော့။ဖေဖေနဲ့မေမေကလဲ အဲ့လူကြီးကိုသဲသဲလှုပ်ဖြစ်နေလိုက်ကြတာ။ငယ်ကတော့မုန်းသည် ။
"ဟော သမီးငယ်လေးကအပြင်သွားမလို့လား"
ဖေဖေကလှမ်းမေးလာသည်။
"သွားမလို့ပဲဖေဖေ ဒါပေမယ့်ခုတော့ဒီလူကြီးကြောင့်မသွားဖြစ်တော့ဘူး "
ငယ် ကိုဘုန်းနေရောင်ကိုသေချာကြည့်ပြီးပြောလိုက်တော့ မေမေကအားနာသွားတဲ့လေသံနဲ့
"ဟဲ့ သမီး ဘယ်လိုပြောလိုက်တာလဲ မောင်ဘုန်းကို အားနာစရာတော့ဖြစ်ကုန်ပါပြီ "
"စိတ်မရှိနဲ့သားရေ ငယ်လေးကအန်တီတို့အလိုလိုက်လွန်းလို့ဆိုးနေတာ "
"မေမေနော် ငယ်ဘယ်မှာဆိုးနေလို့လဲ "
"ငယ် မဆိုးရဘူးလေ လာထိုင်ပါဦး"
မမကခေါ်တော့ ငယ်မမဘေးမှာဝင်ထိုက်လိုက်သည်။
"ငယ်လေးက ကလေးစိတ်ပဲရှိသေးတယ် ကိုဘုန်းစိတ်ထဲမထားပါနဲ့"
"မထားပါဘူးဗျာ သွန်းရဲ့ညီမလေးဆိုတော့ ကိုယ့်ညီမလေးလိုပဲပေါ့"
မမနဲ့ကိုဘုန်းပြောနေတာကိုကြည့်ပြီးငယ်စိတ်ဆိုးနေမိသည်။မုန်းလိုက်တာနော်။
"သမီးငယ် ဖေဖေပြောမယ်မောင်ဘုန်းက သမီးအစ်မနဲ့လက်ထပ်မယ့်သူ နောင်ကိုသမီးခဲအိုဖြစ်လာမှာ မောင်ဘုန်းကိုမလေးမစားမပြောရဘူး"
"ခဲအို ဘာခဲအိုလဲ ဘယ်သူကခဲအိုတော်ချင်နေလို့လဲ ငယ့်မမကိုဘယ်သူနဲ့မှငယ်သဘောမတူနိုင်ပါဘူး"
"ငယ်လေး"
သွန်းလန့်သွားသည်။ငယ် မိဘတွေရှေ့မှာ ဟိုနေ့ကသွန်းကိုပြောတဲ့စကား ထပ်ပြောလာမှာ သွန်းစိုးရိမ်မိသည်။