သွန်းအိမ်ပြန်ရောက်တာနဲ့တစ်ခါတည်းအခန်းထဲတန်းဝင်ကာ ဖေဖေပြောခဲ့တဲ့စကားတွေပြန်တွေးနေမိသည်။ဖေဖေကငယ်နဲ့သွန်းချစ်နေကြတာကို မေမေ့ကိုမသိစေချင်ဘူး။ဒီအတွက်သွန်းက ကိုဘုန်းနဲ့ယူပြီးအိမ်ကထွက်သွားပေးရမယ်။ဒါဆိုရင် ဖေဖေ မေမေနဲ့ငယ်တို့မိသားစုလေးက အရင်လိုပဲသာယာတဲ့မိသားစုလေးအဖြစ်ဆက်ပြီးတည်ရှိနေမယ်...။ဖေဖေဖြစ်စေချင်တာကအဲ့လိုလား...။
ငယ်လေးမမဘယ်လိုလုပ်ရမလဲ...။မမငယ်နဲ့မခွဲနိုင်ဘူး...။ဖေဖေ့စကားကိုလဲမဆန့်ကျင်ရဲဘူး။ငယ်တို့မိသားစုလေးအေးချမ်းဖို့ မမထွက်သွားပေးရင်အဆင်ပြေမှာတဲ့လား...။
"ဒေါက်...ဒေါက်...ဒေါက်"
"သမီး မေမေဝင်ခဲ့မယ်နော်"
အပြင်ဘက်မှမေမေ့အသံကြောင့် သွန်းအိပ်ရာမှလူးလဲထလိုက်သည်။
"သမီး"
"မေမေ"
"သမီးငိုထားတာလား ဘာဖြစ်လို့လဲမေမေ့ကိုပြောပါဦး မေမေရင်ပူလိုက်တာ"
ဒေါ်သိင်္ဂီ သမီးကြီးကဆိုင်ကပြန်လာတာထမင်းတောင်လာမစားပဲအခန်းထဲတန်းဝင်သွားတာမို့ စိတ်ပူပြီးလာခဲ့ခြင်းဖြစ်သည်။တွေ့လိုက်ရတော့ထင်တဲ့အတိုင်းပင် ။တစ်ယောက်ထဲကြိတ်ပြီးငိုနေရှာတဲ့ကလေး။မနက်ကအိမ်ကထွက်သွားတော့အကောင်းပါ အခုဘာများဖြစ်လာလို့လဲ။
"သမီးမေမေ့ကိုပြောပါဦး"
မေမေ့စိုးရိမ်တကြီးအသံကသွန်းကိုပိုပြီးဝမ်းနည်းစေလေသည်။သွန်းမျက်ရည်တွေကျလာပြန်သည်။
"သမီး"
သွန်းမေမေ့ရင်ခွင်ထဲတိုးဝင်ကာ အားရပါးရငိုချမိသည်။မေမေသွန်းတောင်းပန်ပါတယ်။သွန်း မလိမ်မာဘူး။မေမေတို့ကိုအရှက်ရစေမိတဲ့အတွက်သွန်းတောင်းပန်ပါတယ်။
"သမီးဘာဖြစ်လို့လဲ ဘာလို့ဒီလောက်ငိုနေရတာလဲ သမီးကိုဘယ်သူအနိုင်ကျင့်လို့လဲ"
ဒေါ်သိင်္ဂီ သမီးကြီးသွန်းငိုတော့ရင်ထဲထိတ်သွားမိသည်။ဒီကလေးတစ်ခါမှ ခုလိုမဖြစ်ဖူးဘူးလေ။ငယ်ကတည်းကအမြဲတမ်းလိမ်လိမ်မာမာနေခဲ့ပြီး မိဘစိတ်ပူအောင် စိတ်ဆင်းရဲအောင်လဲဘာတစ်ခုမှမလုပ်ခဲ့ဖူးဘူး။