Unicode
အချိန်ဆိုတာအကောင်းဆုံးသမားတော်ပါပဲ။
အတိတ်နေ့ရက်တွေမှာဖြစ်ပျက်ခဲ့သမျှအရာအားလုံးကနှလုံးထဲမှာအဆိပ်ပါတဲ့ဆူးတစ်ချောင်းလိုစိုက်၀င်နေခဲ့တော့ပြန်လည်နှုတ်ဖို့အတော်လေးခက်ခဲခဲ့ရပါတယ်။
အခုတော့အဲဒီဆူးကိုနှုတ်နိုင်ခဲပြီဆိုပေမယ့်လည်းသုံးနှစ်တာကာလအတွင်းနာကျင်မှုတွေ
ပျောက်ပျက်သွားဖို့အလုပ်တွေနင်းကန်လုပ်ရင်းကျွန်တော်မေ့မေ့ပျောက်ပျောက်ထားပစ်လိုက်ခဲ့တယ်။အမြင့်ဆုံးကိုပျံသန်းမယ့်ငှက်ငယ်လေးဟာလှောင်အိမ်ထဲကနေမလွတ်မြောက်သေးခင်ကာလလေးမှာတော့နှောင်ကြိုးတွေကြားမှာကြေကွဲရစမြဲပါပဲ။
အခုနောက်ပိုင်းကျွန်တော်သိလာရတာကငွေဆိုတာဒုတိယဘုရားသခင်ဆိုတာကိုပါပဲ။ငွေကအရာခပ်သိမ်းကိုပြေလည်အောင်မဖြေရှင်းနိုင်ပေမယ့်တကယ်တော့ငွေကြောင့်ပြေလည်သွားခဲ့ရတာတွေအများကြီး။
သိမ်ငယ်မှုတွေကိုငွေကြောင့်ပဲအဝေးတွန်းပို့နိုင်တယ်လေ။
ကျွန်တော်အင်္ဂလိပ်စာအထူးပြုနဲ့အဝေးသင်ဘွဲ့ရပြီးနောက်မှာတော့ဂေဟာမှာလုပ်အားပေးဆရာအနေနဲ့စာမသင်ဖြစ်တော့ဘူး။
ကျွန်တော်နောက်ပိုင်းဘ၀ကပေးတဲ့သင်ခန်းစာတွေကြောင့်တကိုယ်ကောင်းဆန်တတ်လာတယ်လို့ပဲဆိုရမလား။
အခုတော့ပိုက်ဆံများများရှာနိုင်ဖို့ကျွန်တော်အလုပ်အများကြီးကြိုးစားနေခဲ့တယ်။
မနက်ခုနစ်နာရီကနေစလိုက်တဲ့ကျွန်တော့်ရဲ့ဂိုက်စာသင်ချိန်တွေဟာညဆယ့်တစ်နာရီမှပြီးစီးခဲ့တယ်။
တနေ့နဲ့တနေ့အချိန်ဇယားတွေမတူပေမယ့်တနေ့ကိုစာသင်ချိန်ခုနစ်ချိန်ကတော့ပုံမှန်ပါပဲ။
ကျွန်တော့်ရဲ့၀င်ငွေကတစ်လကိုသိန်းနှစ်ဆယ်၀န်းကျင်ရှိလာခဲ့ပါတယ်။
စားစရိတ်အတွက်ကျွန်တော်နည်းနည်းလေးမှပူစရာမရှိခဲ့ပါဘူး။ရန်ကုန်ထုံးစံအတိုင်စာသင်နေတဲ့ကျောင်းသားမိဘတွေကပညာရေးအတွက်ဆိုအတော်လေးရင်းနှီးတတ်ကြပါတယ်။