ပုံမှန် နိုးနေကြ အချိန်မဟုတ်ပေမယ့်လည်း တီးတိုသံ ခပ်ပါးပါးလေးကြောင့် ကျွန်တော်မျက်စိမှိတ်ကာ နားစွင့်မိတယ်။
"အင်း ... ဘယ်တော့လဲ"
ကိုကို့ အသံ ခပ်တိုးတိုးလေးက တစ်ခုခုကို သိချင်နေဟန်နဲ့ မေးနေတာမျိုးပါ။
ကိုကိုသေချာပေါက် တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေတာထင်ပါတယ်။
"August က ငါနဲ့ အဆင်ပြေပါတယ်
နင်လည်း ကျန်းမာရေးဂရုစိုက်ဦး
ဒီအချိန်ဆို နင်တို့ဆီမှာအေးတယ်မလား"တစ်ဖက်လူရဲ့ အဖြေကိုကျွန်တော် မကြားရပေမယ့်လည်း ကိုကိုက အန်တီလေးနဲ့ ဖုန်းပြောနေတယ်ဆိုတာ ကျွန်တော်တိတိကျကျကြီးသိပါတယ်။
"ကိုကို ...."
အိပ်ချင်မူးတူးအသံမဟုတ်ပေမယ့်လည်း ကျွန်တော့်ခေါ်သံက နည်းနည်းလေးလံချင်နေတယ်။
ကျွန်တော်လှဲနေရင်းကနေ ထထိုင်လိုက်ပြီး ကိုကိုရှိရာဖက်ကို မျက်နှာမူလိုက်မိတယ်။
ကိုကိုဖုန်းပြောပြီးပြီ မို့ထင်တယ်။ ဖုန်းကိုပိတ်ပြီး ကျွန်တော့်ကို လှည့်ကြည့်လာတယ်။
"အန်တီလေး ဆီက ဖုန်းလား ကိုကို"
"အင်း ... April ပြန်လာတော့မယ်တဲ့"
ကိုကို့ ဆီကကြားလိုက်ရတဲ့ မနက်ခင်းအတွက်နှုတ်ဆက်စကားက ကျွန်တော့်ကို အင်အားချိနဲ့အောင်စွမ်းဆောင်နိုင်လွန်းတယ်။
အန်တီလေးကို ပြန်လာစေချင်ပေမယ့် ကျွန်တော့်အသိစိတ်ထဲ ကိုကို ပြန်သွားတော့မှာကို အသည်းအသန် စိုးရိမ်မိတယ်။
"ကိုကို ..."
ကျွန်တော် ဆွဲဆွဲငင်ငင် လေးလေးလံလံနဲ့ ခေါ်မိတော့
"ကျောင်းသွားရမှာမလား ... ငါမနက်စာပြင်ပေးပြီးသွားပြီ ကျောင်းမသွားခင် စားသွားနော်"
"ကိုကိုရော ..."
"ငါစားပြီးပြီ .. အခုကျူရှင်သွားတော့မလို့"
ကိုကိုက ပြောပြောဆိုဆိုနဲ့ စာကြည့်စားပွဲပေါ်က သူ့အိတ်ကို လှမ်းယူပြီ လွယ်လိုက်တယ်။