2

1K 45 0
                                    

          အခန်း (၂)
 
     ထိုနေ့က .... ထိုနေ့ကစခဲ့တာဖြစ်သည်။မိုးမြတ် အိမ်မှာ ပြဿနာတက်လာခဲ့ခြင်း။ဒီနေ့မနက် ကျောင်းလာခါနီး စကားများနေကြတဲ့ အဖေနဲ့ အမေနဲ့ ကြားထဲဝင်ပါမိရင်း ပြဿနာက သူမဆီကိုဦးတည်လာ၏။ သူမ အဖေနဲ့ စကားများလာခဲ့ရသည်။နဂိုကတည်းကလည်း အဖေနဲ့ သိပ်အဆင်မပြေသော ဆက်ဆံရေးမျိုးဖြစ်၏။
    စိတ်ညစ်ညူးစွာနဲ့ ကျောင်းကိုရောက်လာပြီးကျောင်းရောက်တော့လည်း အတန်းမတက်ဖြစ်ပဲ လူရှင်းတဲ့ထောင့်တစ်နေရာမှာ ငြိမ်ငြိမ်လေးပဲထိုင်နေဖြစ်ခဲ့သည်။မိုးမြတ်တော်တော်လေး ငြိမ်နေအောင်ထိုင်နေမိ၏။ဘယ်ဖက်လက်ကောက်ဝတ်မှာလည်း နီမြန်းနေရော။စကားများရင်း လက်ပါချင်လာတဲ့ သူမအဖေကို ဝင်တားသောကြောင့်
တွန်းဖယ်ခံရပြီး နံရံနဲ့ လက်နဲ့ ရိုက်မိရာမှဒဏ်ရာရလာခြင်း။နီနေပေမဲ့ အရမ်းနာနေတာမျိုးတော့မဟုတ်ပါ။သူမ အသားဖြူတာကြောင့် နီ‌နေတာသိသာခြင်းလဲပါမည်။အဖေတွန်းဖယ်လိုက်တာ အရှိန်မပြင်းလို့လဲပါမှာပေါ့။မိုးမြတ်လက်မှာသာ ဒဏ်ရာအနည်းငယ်ရသွားတာ အဖေက အမေ့ကို တကယ်
ရိုက်နှက်တာလဲမဟုတ်။အဲ့ဒါကိုသိပေမယ့်လည်း သူမက ချိန်ရွယ် လာတာမျိုးမြင်တာနဲ့ကို ဝင်ဆွဲနေတဲ့အကျင့်ဖြစ်နေခြင်းသာ။
    "မိုးမြတ် ... "
ရုတ်တရတ်အနောက်က ထွက်လာတဲ့အသံကြောင့် သူမလှည့်ကြည့်လိုက်တော့ ..
    "အော် .... ရဲသွေး " မပွင့်တစ်ပွင့်တစ်ချက်ပြုံးပြလိုက်ပြီး မျက်နှာကိုအရှေ့ပြန်လှည့်ထားလိုက်သည်။ ပြောရရင် သူမ ဘယ်သူနဲ့မှမတွေ့ချင်နေပါ။ သူနဲ့ဆိုပိုဆိုး။နဂိုထဲက သူ့ကိုတွေ့ရင် ပတ်ရှောင်မိနေတာ။
    ရဲသွေး လည်း ရိပ်မိသည်။မိုးမြတ် သူ့ကို မတွေ့ချင်နေဘူး ထင်၏။သူ့အတွက်တော့ဒါက ထူးဆန်းတဲ့ကိစ္စလည်းမဟုတ်တော့ပါ။သူမဘေးနားမှာ သပ်သပ်ရပ်ရပ်လေးဆောင့်ကြောင့်ထိုင်လိုက်ရင်း ..
    "မိုးမြတ်မှာ ကိစ္စတစ်ခုခုရှိနေလို့လား။တစ်ခုခုဖြစ်နေသလိုပဲ။ဒီကိုရောက်လာကတည်းက ကျွန်တော်မြင်တယ်။မိုးမြတ်   ဒီတိုင်း ထိုင်နေတာ ကြာနေပြီ"
    "ဒီလိုပါပဲ အဆင်မပြေတာလေးတစ်ချို့ရှိနေလို့" ရဲသွေးဖက်ကို ငဲ့ကြည့်လိုက်ပေမဲ့ မျက်နှာကို မကြည့်ဘဲပြောလိုက်၏။
    "အော် ...."
သူမရဲ့ လေသံက အနည်းငယ် ပြတ်သွားပုံရသည်။သူက အော်တစ်လုံးထဲ ဖြေပြီးခဏငြိမ်သွား၏။ ပြီးမှ ...
    "ကျွန်တော် သွားလိုက်ဦးမယ်နော်"
    သူမခေါင်းငြိမ့်ပြလိုက်သည်။ သူလည်း ထထွက်သွား၏။
    ရဲသွေးက အရမ်းကြီးချောတဲ့ထဲတော့မပါ။ရုပ်ဆိုးနေတာမျိုးလည်းမဟုတ်။ဘယ်လိုပြောရမလဲ မိုးမြတ် စိတ်ထဲမှာက သတ်မှတ်ထားတဲ့ type ရှိပြီးသားလို့ပြောရမလား။တစ်‌ယောက်ယောက်နဲ့တွဲခဲ့ရင်လို့တွေးလိုက်တာနဲ့ ရုပ်‌ရည်က ကြည့်ကောင်းရမယ် ဆိုတဲ့အချက်ကနံပါတ်တစ်ဖြစ်နေတော့ ရဲသွေးက သူမ စိတ်ထဲမရောက်ဖြစ်နေခြင်း။ပြီးတော့ ကိုယ်စိတ်မဝင်စားတဲ့သူတစ်ယောက်က ကိုယ့်ကိုယ် လာကြိုက်တာကိုလဲ သူမစိတ်ရှုပ်သည်ဟုခံစားရသည်။ကိုယ့်ကို လာကြိုက်လား ၊ ကိုယ်စိတ်မဝင်စားဘူးဆို စိတ်မဝင်စားကြောင်းပြ ။ လာဖွင့်ပြောခဲ့ရင် ငြင်းလွှတ် ။ ဒါကသူမအကျင့်ဖြစ်၏။
ထထွက်သွားတဲ့ သူ့ကို တစ်ချက်လှည့်ကြည့်ပြီး သူမငြိမ်ငြိမ်လေးပဲဆက်ထိုင်နေဖြစ်ခဲ့‌တော့သည်။
          🌻🌻🌻🌻🌻

UNKNOWNSWhere stories live. Discover now