အခန်း (၉)
ညနေ အတန်းတွေပြီးလို့ အိမ်ပြန် ကြတော့မည် ဆိုမှ မိုးက တအိအိဖြစ်လာသည်။ထီးဆောင်းပြီးသွားလို့တော့ရတဲ့အခြေအနေပါပဲ။သူမကတော့ ကျောင်းနဲ့ အိမ်နဲ့ နီးတာမို့ လမ်းလျှောက်သွား လမ်းလျှောက်ပြန်တာပဲ အလုပ်များ၏။ တစ်ခါခါမှ ဆိုင်ကယ်ယူလာဖြစ်သည်။သည်နေ့တော့ လမ်းလျှောက်ပဲ လာခဲ့သည်မို့ လမ်းလျှောက်ပဲ ပြန်ရမယ်ပေါ့။
ကျောင်းသူကျောင်းသား တစ်ချို့ကလဲ ကော်ရစ်တာမှာရပ်ပြီးမိုးအတိတ်ကို စောင့်နေကြသည်။တချို့ကလည်း ထီးပါတဲ့လူတွေနားကပ်ဆောင်းပြီး အလျှိုလျှိုပြန်ကုန်ကြနဲ့ပေါ့လေ။မိုးမြတ် နဲ့ စုမွန်လည်း ထီးကိုယ်စီဆောင်းပြီး အဆောင်ကနေ ထွက်လာကြတော့၏ ။
သွားနေရင်းနဲ့ အနောက်ကနေ တစ်ယောက်ယောက်ပြေးလာသံကြားလို့ လှည့်ကြည့်လိုက်တော့ ရဲသွေး။သူမကို မကြည့် ။ လွယ်အိတ်ကို ဆောင်းပြီး အောက်ကိုပဲကြည့်ရင်းပြေးနေသည်။သူမဘေးကနေဖြတ်ပြေးသွား၏။
"ရဲသွေး"
သူမခေါ်လိုက်တဲ့အသံကြောင့် ဘေးမှာရှိနေတဲ့ စုမွန်က လှည့်ကြည့်လာသည်။ရဲသွေး လည်း လှည့်ကြည့်လာ၏။ခေါ်လိုက်ပြီးမှ ငါဘာလုပ်လိုက်တာလဲဆိုတဲ့အသိက ကပ်လာသလို ။ အရမ်းအကွာကြီးရောက်မှခေါ်တာမဟုတ်တာကြောင့်နဲ့ လမ်းဆက်လျှောက်နေရင်းခေါ်လိုက်တာကြောင့် မိုးမြတ် ရဲသွေးကိုမှီသွားသည်။
"ငါ .... ငါ့ထီးယူသွားလိုက်လေ"
ခေါ်တုန်းကခေါ်ပြီးမှ စကားတွေကထစ်နေသေး။
ရဲသွေး ကလည်း တစ်ခဏလေး ။ တကယ့်ကို တစ်ခဏလေးငြိမ်ပြီး သူမကိုကြည့်နေပြီးမှ ...
"မိုးမြတ်ကကော"
"စုမွန် နဲ့ဆောင်းလို့ရတယ်" စုမွန်ကိုလက်ညှိုးထိုးပြလိုက်သည်။
"ဒါဆို ငှားသွားမယ်နော်။ဆိုင်ကယ် စတန်းကလည်း နဲနဲဝေးသေးလို့"
"ရတယ်။ရတယ်။ ရော့"
ရဲသွေးကို ထီးလှမ်းပေးလိုက်သည်။
"ကျေးဇူးပဲနော်။သွားနှင့်ပြီ"
"အင်အင်"
မိုးမြတ် ခေါင်းညိတ်ပြရင်းဖြေလိုက်တော့ သူလည်း ခေါင်းပြန်ညိတ်ပြပြီး လှည့်ထွက်သွားတော့၏။
စုမွန် ရဲ့ထီးအောက်ရောက်သွားတော့ သူမကို ပြုံးစိစိ မျက်နှာမျိုးနဲ့ကြည့်နေတာကို မြင်ရသည်ပေါ့။သူမလည်း ရှက်ကိုးရှက်ကန်းနဲ့ပဲ ..
"ထီး မပါဘဲပြေးနေလို့လေ"
"ငါဘာပြောနေလို့လဲ"
"နင်က ... နင်က ကြည့်နေတာကိုး"
"အင်းလေ ကြည့်ပဲကြည့်နေတဲ့ဟာကို"စပ်ဖြဲဖြဲနဲ့ပြောလာတာကြောင့် ...
"ရယ်မနေနဲ့လေ အယ်"
"ဟားဟား" ရယ်မနေနဲ့ဆိုမှပဲ အသံထွက်ပြီးရယ်တော့သည်။
"ဒါနဲ့ နေပါဦး။ရဲသွေးနဲ့တွေ့ရမှာကြောက်လို့ အဆောင်ကို တစ်ပတ်ကြီးထပ်ပတ်ပြီး ဟိုဖက်လှေကားကနေ မဝင်မထွက်တာတောင်ကြာပြီပဲ။ "
"ဟဲ့ ... သူမှမရှိတာ ။ နင်လဲမြင်နေတာပဲကို"
"တစ်ခါတစ်လေလည်း ရှိတယ်လေ။ရှိလည်းနင် မရှောင်တော့သလိုပဲ"
"အဲ့ကျရင်လည်း သူက သူ့ဖုန်းပဲသူကြည့်ရင်ကြည့်။မကြည့်ရင် သူ့သူငယ်ချင်းတွေနဲ့ပဲ စကားပြောနေတာပဲလေ"
"ဝွန်းးးး နင် အဲ့ဒါတွေကိုတောင်သတိထားမိနေတယ်ပေါ့။ဟုတ်တယ်နော် နင်ဟိုးတစ်နေ့ကလည်း သူ့ကို သိပ်မတွေ့တော့တဲ့အကြောင်းပြောသေးတာပဲ။အဟီး "
မျက်နှာပေးရော လေသံရောပေါင်းပြီး ရှယ်ပလန် နဲ့ စနေတဲ့ စုမွန်ကြောင့် မိုးမြတ်ထူပူလာသည်။
"ကျွစ် ... ငါ့ချည်း လာစမနေနဲ့။အရှေ့ကြည့်လျှောက်ဦး"
"အယ် .. စကားလမ်းကြောင်းလွှဲတာတော့"
"အဟက်..နင် ... အရှေ့ကြည့်လျှောက်လို့"
ရယ်ကလည်း ရယ်မိ။ရှက်ကလဲ ရှက်နဲ့ စုမွန်ကိုပြောတဲ့လေသံတွေတောင် အနည်းငယ်ကျယ်သလိုဖြစ်လာသည်။ စုမွန်ကတော့ တစ်လမ်းလုံးစနေခဲ့တာပါပဲ ။။။။။
🌻🌻🌻🌻🌻