အခန်း (၁၀)
ဒီနေ့ အတန်းချိန်က နေ့လည်ပိုင်းမှစမှာဖြစ်၏။စုမွန်က သူ့အိမ်မှာ ထမင်းမစားချင်ဘူး ကျောင်းရောက်မှအတူတူစားကြမယ် ဆိုပြီး ဖုန်းဆက်လာတာကြောင့် အခု ဆိုင်တစ်ဆိုင်မှာ နှစ်ယောက်သားထိုင်နေဖြစ်ကြသည်။ နေ့လည်ခင်းဆိုတော့ ဆိုင်တိုင်းနီးပါးမှာ လူတွေက ပြည့်ကြပ်။မိုးမြတ်တို့နှစ်ယောက်တောင် တစ်ခုထဲသောကျန်နေတဲ့ ခုံလေးမှာ နေရာရထားလို့သာ။
မှာထားတာတွေစောင့်နေတုန်း ရဲသွေးနဲ့ အာကာဟိန်းနဲ့ လမ်းလျှောက်လာနေတာကို စုမွန်က မြင်သည်။ထို့ကြောင့်သူမကို လက်တို့ရင်း ..
"အယ် မိုးမြတ် ။ ဟိုးမှာ ရဲသွေး"
စုမွန်မေးငေါ့ပြရာကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ဘားမှတော့မပြောဖြစ်။
စုမွန်ကပဲ ဆက်၍ ...
"နေရာ ရှာနေတာလားမသိဘူး"
ဟုတ်လောက်မည်။ နှစ်ယောက်သား ဟိုကြည့်သည်ကြည့်နဲ့ ။ သူမတို့နှစ်ယောက်ကိုတွေ့သွားတဲ့ အာကာဟိန်းက ရဲသွေးကို လက်တို့ ၊ လက်ညှိုးထိုးပြရင်း ရောက်ချလာ၏။
"နေရာရှာနေတာလား" စုမွန်ကမေးသည်။
"ဟုတ်တယ် ။ ဆိုင်တွေက ပြည့်နေတာပဲကွာ ။ဒီမှာ ဝိုင်းလိုက်လို့ရလား"
ပြန်ဖြေသူက အာကာဟိန်း ။
"ရပါတယ် ။ ထိုင်လေ"
"အင်း အဲ့ဆိုထိုင်လိုက်တော့မယ်နော်။ဟေ့ရောင် ဒီမှာပဲ ထိုင်လိုက်တော့မယ်"
"အေ ထိုင်လေ ။"
ဤသို့ဖြင့် သူမတို့လေးယောက်တစ်ဝိုင်းထဲဖြစ်သွားရသည်။
"ရဲသွေး ... ငါ မိတ္တူဆိုင် ခဏ သွားဦးမယ်။ငါ့အတွက်ခေါက်ဆွဲကြော် မှာထားပေး။"
"ဟုတ်ပြီ"
"ခဏ သွားလိုက်ဦးမယ်နော်" မိုးမြတ်တို့နှစ်ယောက်ကိုပြောပြီး ထွက်သွားလေ၏။
"အမ ! " ဆိုင်ထဲက အမကို ရဲသွေးက လှမ်းခေါ်ခြင်း။ ဘောပင်နဲ့ စာအုပ်ကိုင်ပြီး သူမတို့ဆီရောက်လာသည်။
"ဘာမှာမလဲ မောင်လေး"
"ခေါက်ဆွဲကြော် တစ်ပွဲ နဲ့ ထမင်းသုပ်တစ်ပွဲ အမ ။ ပြီးတော့coffeeနှစ်ခွက်"
"ထမင်းသုပ်က မရတော့ဘူး"
" ဗျာ ... အဲ့ဒါဆို .... "
ရဲသွေး menu ကို အပေါ်အောက် အမြန် လှန်လှောရှာနေသည်။သူ့ကိုကြည့်နေရင်းမှ
မိုးမြတ်က ...
"အမ ခုနက ညီမမှာထားတဲ့ ထမင်းသုပ်ကို သူ့ကိုပေးလိုက်ပြီး ညီမ အတွက် ပေါင်မုန့်ကြက်ဥကြော် အစားလုပ်ပေးလိုက်ရင် ရတယ်"
"ညီမ ထမင်းသုပ်က ရနေပြီ။ ပေါင်မုန့်ကြော်ရင် နဲနဲ ထပ်စောင့်ရမှာ "
"ရတယ်အမ"
"ဟုတ်ပါပြီရှင်" ထိုသို့ပြောပြီး ထိုအမ လှည့်ထွက်သွားသည်။ ရဲသွေးက ...
"ပေါင်မုန့်ကြော်ကို ကျွန်တော်ပဲယူလိုက်မယ်။ မိုးမြတ်က ထမင်းပဲယူလိုက်ပါ ။ရတယ် "
"ရပါတယ်။မိုးမြတ်ထမင်းမစားချင်လို့။ခုနကလဲ လူရှုပ်နေတာရယ် စုမွန်ကလဲ ထမင်းသုပ်ဆိုတာနဲ့ ပီးပီးရောလိုက်မှာလိုက်တာ။ဟို .. မစားချင်လို့ကျွေးတာမဟုတ်ဘူးနော်။ဗိုက်လဲသိပ်မဆာလို့ လဲလိုက်တာ ။"
ရဲသွေး မျက်နှာက အနည်းငယ် တည်သွားသလို။ပြီးမှ ..
"ဟုတ်ပါပြီ ။ ကျွန်တော်က အားနာလို့"
အားနာလို့တဲ့ ။ သူကတော့ ဒီတိုင်းပဲပြောလိုက်တာပါပဲ ။သူမ စိတ်ထဲမှာကတော့ တစ်မျိုးကြီး။အနေဝေးသွားသလိုမျိုး။
"ဪ ... ဒီမှာ မိုးမြတ်ရဲ့ထီး။ ကျေးဇူးပဲနော် ။ မနေ့က အဆင်ပြေသွားတယ် ။ဆိုင်ကယ်ထဲမှာ မိုးကာပါတယ်ထင်နေတာ။မိုးကာ ကလည်း မပါဘူး။ထီးမရှိရင် အရွှဲလိုက်ပြန်ရမှာ " လွယ်အိတ်ထဲကနေထုတ်ပေးရင်း ပြော၏ ။
"ရပါတယ်"
ရပါတယ်လို့ပြောတော့ သူမကို ပြန်ပြုံးပြလာသည်။ထို့နောက် သူတို့နှစ်ယောက် ဘာစကားမှ ဆက်မပြောဖြစ်ကြ တော့ပဲ မိတ္တူဆိုင်က ပြန်လာတဲ့ အာကာဟိန်းရယ်
စုမွန်ရယ်ပဲ ဦးဆောင်လေဖုတ်နေတော့သည်။
ငြိမ်နေတဲ့ ရဲသွေးကိုကြည့်ပြီး မိုးမြတ်စိတ်ထဲမှာ တကယ်ကိုတစ်မျိုးကြီးရယ်ပါ ။။။။။
🌻🌻🌻🌻🌻