Chapter 6: တာဝန် - ​ရှောက်ယန်ရှီးအ​​ပေါ် ​ကောင်းရမယ်

2K 442 16
                                    

[Unicode]

ရှောက်ယန်ရှီး၏ စံအိမ်သည် အရမ်းကြီးလွန်းသော်လည်း ဘာမှမရှိပေ။ ထို့ကြောင့် လျှိုယွီအန်းက သူ့အိမ်သို့သာ ပြန်ကြရန် အကြံပေးလိုက်သည်။

"ဒီညလည်း ငါဆိုဖာပေါ်မှာပဲ အိပ်လို့ရပါတယ်။ အိပ်ခန်းထဲမှာ အခန်းတစ်ခန်း ထပ်ပြင်ဖို့ တစ်ယောက်ယောက်ကို ငါခေါ်လိုက်မယ်။"

"ချင်ကျန်းစွေ့ကို သွား" ရှောက်ယန်ရှီးသည် မျက်လုံးကိုမှိတ်ကာ အနားယူနေရင်း ပြောလိုက်သည်။

"ဟမ်?"

"ချင်ကျန်းစွေ့မှာ ငါ့အိမ်တစ်လုံးရှိတယ်" ရှောက်ယန်ရှီး ပြောလိုက်သည်။

ထိုနေရာသည် ရှောက်ယန်ရှီး အလုပ်လုပ်တဲ့နေရာနှင့်လည်း သိပ်မဝေးပေ။ လျှိုယွီအန်းက မေးလိုက်သည်။

"ငါမှတ်မိသလောက်ဆို အဲ့ဒါ မင်းတို့ကုမ္ပဏီက တည်ဆောက်ထားတဲ့ လူနေရပ်ကွက် မဟုတ်လား။"

ထိုနေရာတွင် တိုက်ခန်းရှစ်ခုသာ ရှိသည်။ သို့သော် စျေးကြီးသည်။ အခုတောင် အခန်းအားလုံး လူမပြည့်သေးပေ။

"အင်း"

ရှောက်ယန်ရှီးတစ်ယောက် သူ့ကုမ္ပဏီနှင့် ပိုနီးသော ချင်ကျန်းစွေ့တွင်မနေဘဲ သူ့၏စံအိမ်ကြီးထဲတွင်နေဖို့ ဘာလို့ဆုံးဖြတ်ခဲ့မှန်း လျှိုယွီအန်း တကယ်နားမလည်။

အေးစက်ပြတ်သားသည့်မျက်နှာကို‌ လှမ်းကြည့်ရင်း သူတွေးလိုက်မိသည်။ တခြားသောသူများက ထိုသို့သီးသန့်စံအိမ်ကြီးများတွင် သက်တော်စောင့်များ၊ အစေခံများနှင့် ဘဝကို သက်တောင့်သက်သာ နေထိုင်ကြခြင်းဖြစ်သည်။

ရှောက်ယန်ရှီးကရော?

သူကိုယ်တိုင်ကလွဲပြီး အိမ်ထဲတွင် တခြားအသက်ရှူနေသည့်အရာဟူ၍ ဘာမှမရှိချေ။

ပြီးတော့ နေ့တိုင်း အိမ်နှင့်အလုပ်ကို အသွားအပြန် နှစ်နာရီကြာ အချိန်ယူရသည်။

သူ တကယ်ပဲ ဘာတွေများ တွေးနေတာလဲ?

ချင်ကျန်းစွေ့သို့ သွားသည့်လမ်း၌ လျှိုယွီအန်းသည် ကုန်တိုက်တစ်ခုတွင် သူ့အတွက် အဝတ်အစားနှစ်စုံ ဝင်ဝယ်လိုက်သည်။ ဂျင်းဘောင်းဘီနှင့် ရင်ကွဲသိုးမွေးအင်္ကျီတစ်ထည် သူဝယ်ခဲ့သည်။

ဝိညာဥ်ကူး​ပြောင်းလာပြီး​နောက် ဗီလိန်ကိုငို​အောင်လုပ်ခဲ့တယ် (မြန်မာဘာသာပြန်)Where stories live. Discover now