တတောက်တောက်အသံမြည်နေသည့် စာရိုက်သံများမှာ လက်ပ်တော့ကီးဘုတ်ဆီကနေ ထွက်နေလျက်။
တိတ်ဆိတ်ငြိမ်သက်နေသည့် အခန်းတစ်ခုထဲရှိ မီးရောင်ဖျဖျလေးအောက်တွင် လက်ပ်တော့ဖန်သားပြင်ကို စူးစိုက်ကြည့်ရင်း စာရိုက်နေသော လူတစ်ယောက်ရှိသည်။ ထိုသူ၏မျက်နှာအမူအရာကား တည်ငြိမ်အေးဆေးလွန်းသည်။
ဘေးဘီပတ်ဝန်းကျင်တစ်ခုလုံးကလည်း တိတ်ဆိတ်လွန်း၏။
ရွှေရောင်လေးထောင့်အကွပ်နှင့် စာကြည့်မျက်မှန်ကို ဝတ်ဆင်ထားသည်က ထိုသူ၏ပုံပန်းသဏ္ဌာန်က ချောမောသန့်ပြန့်နေသဖြင့် အထက်တန်းလွှာလူတန်းစားအငွေ့အသက်များ လွှမ်းခြုံနေလျက်။ စင်စစ်အားဖြင့် သူသည်လူကုံထံတစ်ယောက်ဖြစ်ချေသည်။ အခန်းထောင့်တစ်နေရာရှိ ဗီဒိုပေါ် တင်ထားသော Bluetooth Speaker ကနေ အင်္ဂလိပ်ရှေးဟောင်း ဂန္ဓဝင်သီချင်းသံက ငြိမ့်ညောင်းသာယာစွာ ပျံ့လွင့်နေပေသည်။
"Gloomy is Sunday
With shadows I spend it all
My heart and I
Have decided to end it all
Soon there'll be candles
And prayers that are sad, I know
Let them not weep
Let them know that I'm glad to go"တက်ကြွစွာ စာရိုက်နေခဲ့သောလက်ချောင်းများဟာ ခဏကြာတော့ ရပ်တန့်သွားသည်။ ထို့နောက် လက်ပ်တော့ဘေးနားက အဖြူရောင်ကော်ဖီခွက်လေးဆီ အကြည့်ရောက်သွားသည်။
ကော်ဖီခွက်ကို ကိုင်လိုက်ပြီး အထဲကသကြားနှင့်ကော်ဖီတို့ နှံ့စပ်အချိုးကျစေရန် ဇွန်းဖြင့် မွှေပြီးနောက် တစ်ငုံချင်း မော့သောက်သည်။ ကော်ဖီတွေအကုန်ကုန်သွားသောအခါ ကော်ဖီခွက်ကို နေရာတကျ ပြန်ထား၏။
ပြီးလျှင် သူ့မျက်မှန်ကို ချွတ်လိုက်ပြီး သူ့လက်ချောင်းထိပ်များဖြင့် မှိတ်ထားသောသူ့မျက်လုံးများကို နှိပ်နယ်ပေးသည်။ မျက်လုံးများကို နှိပ်နယ်ပြီးသော် သူ့လက်ချောင်းထိပ်တွေက နားထင်နားဆီ ရွှေ့ပြောင်းသွားကြသည်။ ဤနည်းက သူ့ကိုအာရုံကြောတွေ တောင့်တင်းခြင်းမှ သက်သာသည့်အတွက်။
သူ့မျက်မှန်ကို ပြန်တပ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သူ့ခြေလှမ်းများဟာ တိုက်အောက်ဆီ ဦးတည်လျက်။ တိုက်အောက်ထပ်သို့ရောက်သော် ဆက်လက်၍ တိုက်အတွင်းပိုင်း၏လမ်းအဆုံးထိ ဆက်လျောက်သွားသည်။

YOU ARE READING
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Romanceနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...