အခန်း (၂၇)
Sherlock Holmes & Joker (၂)
ဂေါက်ရိုက်တံကနေ အကွာအဝေးချိန်ဆကာ လွှဲရိုက်ခြင်းခံရလိုက်သော ဂေါက်သီးဖြူလုံးလေးမှာ မီတာ ၃၀၀ အကွာအဝေးရှိသော ဝေဟင်ထက်တွင် အရှိန်တစ်ခုနှင့်အတူ ဝှေ့ကာလည်ကာဖြင့် ကြွင်းငယ်လေးဆီသို့ တလှိမ့်လှိမ့် ကျဆင်းသွားသည်။
သျှန်ဝေးသည် ဂေါက်ရိုက်အားကစားကို အသက် (၂၀) ကနေ စတင်၍ စိတ်ပါဝင်စားခဲ့ပြီး သူ့အနေဖြင့် ပရော်ဖက်ရှင်နယ်ဂေါက်ရိုက်သမားများနည်းတူ မီတာ ၃၀၀ နှင့်အထက် ကွာဝေးသော ကျင်းပေါက်များဆီသို့ အပေါက်တည့်အောင် ဂေါက်ရိုက်နိုင်စွမ်းရှိ၏။ သူရိုက်လွှတ်လိုက်သော ဂေါက်သီးလေးကို မီတာ ၃၀၀ ကနေ ဂေါက်ရိုက်တံကို ညာဘက်ပခုံးထက် တင်ထားလျက် မျှော်ကြည့်နေခဲ့သည်။ ထိုစဥ် သူ့နောက်ကနေ မွေးစားသမီးလေး ဘရဏီမှာ ပြေးလာနေခဲ့သည်။
"ပါးပါး...ဟောဒီမှာ ဖုန်းလာနေတယ်"
"ပြေးမလာနဲ့လေ သမီးငယ်ရယ်။ ချော်လဲနေမယ်။"
"ပါးပါးရဲ့တပည့် မစ္စတာ ကော်လ်လီယွန်ဆီက လာနေတာ"
"ဪ...."
ဆံပင်ရှည်ရှည်နက်နက်၊ ပါးချိုင့်လှလှလေးများကို ပိုင်ဆိုင်ထားသည့် ဘရဏီလေးမှာ ချစ်စရာအပြုံးလေးအား ပန်ဆင်ကာ သျှန်ဝေးလက်ထဲသို့ ဖုန်းကမ်းပေးခဲ့သည်။
သျှန်ဝေးသည် သူ့မွေးစားဖခင်ဟောင်း ဖယ်လ်ကိုနီဆုံးပြီး (၁၀) နှစ်အတွင်း နယူးရော့ခ်ကနေ ပန်ရာနိုင်ငံ၊ ရော်ဆုန်မြို့ကြီးအတွင်းမှာ တည်ရှိသည့် နောဇစ်ဂေဟာသို့ တစ်ခါတစ်ရံ အလည်လာလေ့ရှိခဲ့သည်။ သူအလည်လာတိုင်းမှာလည်း mask အုပ်ကာ နေကာမျက်မှန်ထူကြီးများ တပ်ဆင်ပြီး ရုပ်ဖျက်လာလေ့ရှိသည်။ ဂေဟာရှိ မာသာ၊ ဖာသာများ သူ့မျက်နှာကို မှတ်မိစေရန်အလို့ငှာ အရေပြားတုမျက်နှာဖုံးကို ဝတ်ဆင်ပြီးတော့ ရုပ်ဖျက်ခြင်း မရှိခဲ့ပေ။
လူသတ်လျှင်တော့ မျက်နှာအရေပြားတုတွေထက် သံမဏိအရိုးခေါင်း မျက်နှာဖုံးကိုသာ တပ်ဆင်လေ့ရှိခဲ့၏။ သို့ဖြစ် ဂေဟာရှိကလေးများစွာက နောဇစ်ဆီ သျှန်ဝေး လာလည်ပြီဆိုလျှင် ဘုရင်တစ်ဆူလို၊ နတ်ဘုရားတစ်ပါးလို ဆက်ဆံကြပြီး ချစ်ခင်ခဲ့ကြသည်။ ထိုအထဲ လွန်ခဲ့သော ၃ နှစ်ကျော်၊ ၄ နှစ်ပတ်ဝန်းကျင်လောက်က ဂေဟာဆီ အသစ်ရောက်လာသော ဘရဏီလေးသည်လည်း သျှန်ဝေးကို တအားသံယောဇဉ်ကြီးခဲ့သည်။ ဘရဏီလေးမှာ သျှန်ဝေးကိုယ်တိုင် ကယ်ခဲ့သော လမ်းဘေးက သူဖုန်းစားမလေးတစ်ယောက်လည်း ဖြစ်ချေသည်။

YOU ARE READING
Eternal Sunshine {The Criminal Syndrome} //COMPLETED //
Romanceနှလုံးသားရဲ့ အမှောင်မိုက်ဆုံးနေရာမှာ အလှပဆုံးဖြာကျနေတဲ့ နေရောင်ခြည်လေးဟာ မင်းပါပဲ။ မင်းပေးတဲ့ မေတ္တာတွေကြောင့် ပြိုလဲလုဆဲ ငါ့ကမ္ဘာဟာ တစ်ဖန် ရှင်သန်ခွင့်ရခဲ့ပေါ့။ စိတ္တဇ၊ အရိုင်းဆန်လွန်းတဲ့ ဒီ universe ထဲ လမ်းပျောက်နေတုန်း မင်းသာ ငါ့ရဲ့လမ်းပြကြယ်၊ ...