Chapter 22

536 92 10
                                    

" Jiji ကြောက်တယ် ကိုကို။"

တိုက်ပျက်ကြီး၏ အမှောင်ထုကြီးစိုးသည့် အခန်းငယ်ထဲတွင် ပိတ်လှောင်ခြင်းခံထားရသော ကလေးငယ်တစ်ယောက်မှာ သူ၏ဘေးတွင်ရှိနေသည့် ကောင်ငယ်လေး၏ ရင်ခွင်ထဲ၌ ငိုကြွေးရင်း မပီသသော အသံက​လေးနှင့်ဆိုရှာသည်။

"မကြောက်နဲ့ JiJi။ ကိုကိုတို့ လမ်းရှာပြီး ထွက်ပြေးကြမယ်နော်။ ကိုကို့မေမေနဲ့ ဖေဖေလည်း အခုဆိုကိုကိုတို့ကိုလိုက်ရှာနေလောက်ပြီ။"

Minho အတတ်နိုင်ဆုံးချော့မော့ပြောလိုက်သော်လည်း ကလေးငယ်ဟာ အငိုမတိတ်။

"မငိုနဲ့တော့နော်။ JiJi ပင်ပန်းလိမ့်မယ်။ လာ...ကိုကို့ပုခုံးကိုမှီထား။"

Minho သူ့ပုခုံးတစ်ဖက်ကို ပုတ်ပြရင်းဆိုတော့ ကလေးငယ်ဟာ မငြင်းဆန်။ မျက်ရည်များကို လက်ဖမိုးငယ်လေးဖြင့် သုတ်ဖယ်လိုက်ရင်း သူ၏ ပုခုံးပေါ်၌မှီ၍နားသည်။

အမှန်အတိုင်းဆိုရလျှင် Minho ၏စိတ်ထဲ၌လည်း ပြင်ပက အမှောင်ထုမှာ တဖြေးဖြေးကြီးစိုးစပြုနေပြီ။ JiJi ငယ်လေး အတွက်တွေးပေးမိ၍သာ ရှစ်နှစ်အရွယ်ကောင်ငယ်လေးမှာ ရဲရင့်ဟန်ဆောင်နေရခြင်းဖြစ်၏။

ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်စီးကြောင်းကို JiJi မမြင်ရလေအောင် အလျင်အမြန်ဖယ်သုတ်ပစ်လိုက်ပြီး ကလေးငယ်ကို ရင်ခွင်ထဲသို့ထည့်ကာ တင်းကြပ်နေအောင်ဖက်ထားလိုက်သည်။

JiJi အားကာကွယ်ပေးရမည်ဆိုသော အတွေးကလည်း သူ့ကိုအနည်းငယ်တော့ သတ္တိပိုစေပါ၏။

အလုံစေ့ပိတ်ထားသော တံခါးဆီမှ ရုတ်တရက်အသံတစ်ခုအားကြားရချိန်တွင် Minho တုန်လှုပ်သွားမိသည်။ သူ့ရင်ခွင်ထဲမှ JiJi ငယ်မှာလည်း သူ့အနားသို့ပို၍တိုးကာ ပုန်းခိုရန်ကြိုးစားရှာသည်။

"ဒီမှာ..."

အခန်းထဲသို့ ခြေသံလုံလုံနှင့်ပြေးဝင်လာခဲ့ပြီး သူတို့နှစ်ဦးအား လေသံကလေးနှင့်စကားစသော သူမှာ သူတို့ကိုဤနေရာသို့ခေါ်ဆောင်လာခဲ့သော ဦးလေးကြီးမဟုတ်။ Minho ထက် အသက်ငါးနှစ်ကျော်မျှကြီးလိမ့်မည်ဟုထင်ရသော အလယ်တန်းကျောင်းဝတ်စုံကိုဝတ်ဆင်ထားသည့် အခြားကလေးငယ်တစ်ဦးသာဖြစ်သည်။

Clarity || Minsung FF||Where stories live. Discover now