(Unicode)"အို...ဆယ်..ဟွန်း!!!...အို..ဆယ်..ဟွန်း!!!. ..အို..ဆယ်..ဟွန်း!!!"
ဘတ်စကက် ဘောကွင်းနားမရောက်ခင် ကတည်းက အမည်နာမမျိုးစုံ သံပြိုင်အော်နေကြတဲ့အထဲမှာ ဒီနာမည်က အထင်ရှားဆုံး။ အားကစားရုံတံခါးကို ဖွင့်ပြီးဝင်လိုက်ချိန်မှာ လူအုပ်ကြားထဲတိုးနေတဲ့ ခြေလှမ်းတွေကို ဂရုစိုက်ရမယ့်အစား ချီးကျူးထောပနာ သံတွေရဲ့ လားရာကိုသာ ရှာနေမိသည်။ ဘောလုံးကို လက်နဲ့တစ်ဆန့် ပုတ်တင်ရင်း တခြားကစားသမားတွေပေါ် ကျော်ထွက်လာတဲ့ အင်္ကျီလိမ္မော်ရောင်လေးရဲ့ ကျောက နံပါတ်ကို မိမိရရ ဖတ်မိလိုက်ရင်း..သူ့ရင်ဘတ်ထဲတစ်ချက်ခုန်၏။ 94 တဲ့။
"ဂျွန်! လာဒီဖက်ကို"
အတန်းဖော်က လက်ကိုလာဆွဲတော့မှ လူချင်းကွဲတော့မလိုဖြစ်သွားမှန်းသတိထားမိပြီး သွားနေတဲ့ခြေထောက်ကိုအာရုံပြန်စိုက်ရသည် ။ မတ်တပ်ရပ်နေကြတဲ့ ကျောင်းသားအုပ်ကိုကျော်ခဲ့ပြီးမှ ပွဲကြည့်စင်တွေဆီတိုးလို့ပေါက်သည်။
"လာပြီလား..ကဲ..ထိုင်ကြ"
အရင်ရောက်နှင့်နေတဲ့ ယူချန်းက ကိုယ်တွေရောက်တော့မှ ခုံအလွတ်နှစ်လုံးပေါ်ပစ်တင်ထားတဲ့ ကျောပိုးအိတ်နဲ့ တခြားပစ္စည်းပစ္စယ တွေကို ဖယ်ပေးရင်း "ငါနေရာဦးပေးထားတယ်"လို့ပြောလိုက်တာ လက်ဟန်ခြေဟန်တွေရော ပါပြီး ပါးစပ်လှုပ်ရုံလေး။ ပြောပြီးနောက် ယူချန်းမလုံမလဲ လည်ပြန်လှည့်ကြည့်တဲ့နောက်ကို အတူတူလိုက်ကြည့်မိတော့ နောက်တန်းခုံက ကျောင်းသူတွေရဲ့ မျက်စောင်းတချို့က ဒိုင်းခနဲ ။ နှစ်ယောက်တစ်ခုံ ပူးပူးညပ်ညပ်ထိုင်နေကြရတဲ့ ကျောင်းသူတွေက ယူချန်းဦးပေးထားတဲ့ ခုံနေရာအတွက် ကျေနပ်ပုံမရ။
"ထိုင်မှာဆိုရင်လဲထိုင်... မိုးတိုးမတ်တပ်နဲ့ ဒီမှာနောက်က မမြင်ရဘူး"
ကိုယ်တွေလွန်ထားတာကိုလဲ သိတာမို့.. စွတ်ကော နေတဲ့ ကောင်မလေးတွေရဲ့စကားကို ငြိမ်ငြိမ်လေးဘဲ နာခံရင်း တစ်ယောက်နဲ့တစ်ယောက် လက်တို့ကာ မျက်ရိပ်မျက်ကဲပြရင်း ထိုင်ချပစ်လိုက်ကြသည်။
ဒုတိယ အတန်းက မြင်ကွင်းရှင်းပြီး ကစား ကွင်းနဲ့တော်တော်လေးနီးသည်။ အဆင်မပြေတာ တစ်ခုပဲ သူထိုင်မိလိုက်တာ ဘေးအစွန်က ခုံမို့ လမ်းဖြတ်လျှောက်သွားတဲ့ လူတွေဆီက မလွတ်မလပ်နဲ့ အတိုက်ခံရတာ ခဏခဏ။
