(Unicode)
"ဟင်...ဂျွန်..မင်း အဲ့ဒါတွေစားနေတယ်"
ဖျော်ရည်ခွက်လေးကိုယူပြီး ကိုယ့်ဆီပြန်ရောက်လာတဲ့ ယူချန်းက မျက်လုံးအဝိုင်းသားနဲ့ ။ ခေါင်းညိတ်ပြလိုက်ရင်း နောက်ထပ်ယူစားဖို့ ကြိုးစားနေတဲ့ တူကိုကိုင်ထားဆဲလက်ကို ယူချန်းကအမိအရဝင်တားသည်။
"မင်းရူးနေလား...မင်းနဲ့ မတည့်ဘူးလေ"
"သိတယ်....ဒါပေမယ့် စားဖို့လိုနေလို့..နောက်တော့ ငါရှင်းပြမယ်"
ဝါးနေတဲ့လက်စ တွေကို လည်ချောင်းထဲ မိမိရရ ရောက်အောင် ဖိသိပ်မြိုချပစ်လိုက်သည်။ ယူချန်းကသူ့အတွက်သူ့ဘာသာမှာထားတဲ့ဟင်းပွဲကို မသိလိုက်ခင် ယူစားပစ်လိုက်တာ ပန်းကန်ရဲ့ သုံးပုံတစ်ပုံနီးနီး...
"ရူးနေပြီ..မင်းရူးနေပြီ...တော်တော့ ဟေ့ကောင်"
ရှင်းပြမယ်ဆိုတဲ့သူ့ရဲ့စကားကို နားမဝင်လှစွာနဲ့ပဲ ယူချန်းက လက်ထဲကတူကိုရော ရှေ့ကပန်းကန်ကိုပါ ဆွဲဖယ်ပစ်ကာ waiter ကို လှမ်းခေါ်ပြီး ဒရောသောပါးပိုက်ဆံရှင်းကာ ပြန်အမ်းတာတွေလဲ စောင့်မယူနိုင်တော့။
"ထတော့ ဂျွန်...ဆေးရုံမြန်မြန်သွားဖို့လိုတယ် မင်းစားထားတာ မနည်းဘူး...ဘာအရူးထ တာလဲတော့ ငါမသိပေမယ့် အချိန်မမှီရင် မင်းဒုက္ခရောက်လိမ့်မယ်"
ယူချန်းပြောတဲ့ ဒုက္ခဆိုတာကို သူအရင်က ခံစားဖူးပေမယ့် သိပ်ပြီးကြာခဲ့လို့ များမမှတ်မိနိုင်တော့တာ လား...လက်ရှိခံစားနေရတဲ့ ဝေဒနါတွေလောက် အဲ့ဒီ ဒုက္ခက မပြင်းထန်ဘူးလို့ သူတွေးနေမိသည်။
"ငါ့ကို တစ်ခုလောက်ကူညီစမ်းပါ ယူချန်း"
"အေး..အခုပဲ မင်းကို ဆေးရုံပို့တော့မလို့"
"မဟုတ်ဘူး....အဲ့ဒါ မဟုတ်ဘူး... ငါ့ကိုယ်စား ငါ့အစ်မရဲ့ မင်္ဂလာဆောင်ကိုသွားပေး"
"ဘာ"
သူ့ကို ဆိုင်အပြင်ထိ တောက်လျှောက်ဆွဲခေါ်လာတဲ့ ယူချန်းက တစ်ချက်တွေဝေသွား၏။ သူ့မိသားစုရဲ့လတ်တလော အပြောင်းအလဲကို ယူချန်းကိုဘာတစ်ခုမှ မပြောရသေး။