(Unicode)
"ဖြစ်ပါ့မလား သား"
"ရပါတယ်ဖေဖေရဲ့ ဒါလေး တပ်လိုက်ရုံပဲ"
"မျက်နှာကျက်အထိ အဝေးကြီးပဲ လှေကားမရှိဘဲ ရပါ့မလား"
"ဒီမှာလေ လက်ဆန့်လိုက်ရင်မှီသွားပြီ...ဖေဖေသာ ခုံကို ထိန်းထားပေး"
အိမ်တံခါးဖွင့်ကတည်းက ကြားနေရတဲ့ စကားသံတွေက ဆယ်ဟွန်း ဖိနပ်ချွတ်ပြီးလို့ အိမ်ထဲ ဝင်တဲ့အထိ မစဲသေး။
"အင်း လင်းပြီ....ဟာ"
လက်တွေကို ဆန့်ထုတ်ရင်း တပ်နေတဲ့ မီးလုံးလေးက ဖြတ်ခနဲလင်းပြီးမှ ပြန်မှိတ်သွားတော့ ဂျွန့်ဆီက စိတ်ပျက်လက်ပျက်အသံတစ်ချက်ထွက်လာသည်။ စားပွဲပေါ်ကို ထိုင်ခုံတစ်လုံးထပ်ဆင့်ထားတဲ့ အပေါ်မှာ ဂျွန်ကရှိနေပြီး အဖေလုပ်သူက ခုံကိုထိန်းကိုင်ထားသည့်အနေအထား။
"ဂျွန်ရရဲ့လား.... ဖယ်လေ လုပ်ပေးမယ်"
"ရပါတယ် ..အပေါ်ရောက်လက်စနဲ့ ကိုယ့်ဘာသာ လုပ်လိုက်မယ် ခင်ဗျားခုံကို တစ်ချက်ထိန်းထားပေး...ဖေဖေ ဖယ်လိုက် ညောင်းနေပြီ"
သူ့ဘာသာသူ အစီအစဥ်ချရင်း လက်ထဲက မီးလုံးကို မျက်နှာကျက်မှာ တပ်ဖို့ ပြန်မော့သွားလေသည်။
"ကျွတ်...ဘာတုန်း ဒါက"
တစ်ချက်မှ ပြန်လင်းမလာတော့တဲ့ မီးလုံးကို ဖြုတ်ကြည့်လိုက်ပြန်တပ်လိုက်နဲ့ ဘာတွေ အထာမကျနေမှန်းမသိဘဲ ဂျွန့်ဆီက ဒေါသစွက်တဲ့ အသံတွေသာ တစ်ချက်တစ်ချက်ထွက်လာသည်။
"ကျွမ်းသွားတာလား"
"မဖြစ်နိုင်ပါဘူး"
ပြောလဲ ပြောရင်း ဖြုတ်တာတပ်တာတွေ လဲ လုပ်ရင်း မမှီ့တမှီဖြစ်နေတာကိုလဲ အားမရစွာ တောက်ခေါက်လိုက်တာလဲရှိသည်။
"ဂျောက်!!"
"အ"
ဖြတ်ခနဲလင်းလာတဲ့ မီးရောင်က စူးလွန်းလို့ ဆယ်ဟွန်း မော့ကြည့်နေရင်းက မျက်လုံးမှိတ်လိုက်မိသလို ဂျွန်လဲ သူ့မျက်လုံးတွေရှေ့ လက်ဖဝါး တစ်ဖက်နဲ့ ပိတ်ကာလိုက်တာကို မြင်လိုက်မိသည်။ လျှပ်တပျက်လေး အမြင်အာရုံတွေ အနှောက်အယှက်ဖြစ်သွားသည့် အတောအတွင်း ဆတ်ခနဲ ယိုင်သွားတဲ့ ဂျွန့်ခန္ဓာကိုယ်ရဲ့ အလေးချိန်နောက်ကို ထိုင်ခုံက ယိမ်းပါသွားခဲ့သည်။